သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ဆန္ဒပြပွဲအတွင်း အစိုးရ အဆောက်အဦးတချို့ မီးရှို့ခံရ


လစ်ဗျား ဆန္ဒပြပွဲအတွင်း အစိုးရ အဆောက်အဦးတချို့ မီးရှို့ခံရ
လစ်ဗျား ဆန္ဒပြပွဲအတွင်း အစိုးရ အဆောက်အဦးတချို့ မီးရှို့ခံရ

လစ်ဗျားနိုင်ငံမှာ သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ တိုးမြင့်လာနေတာနဲ့အတူ လုံခြုံရေးတွေ၊ အစိုးရ လိုလားသူတွေနဲ့ ဆန္ဒပြသူတွေကြားမှာ အဓိကရုဏ်း ဖြစ်ပွားပြီး အစိုးရ အဆောက်အဦးတချို့လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ထရီပိုလီမြို့တော်က မျက်မြင်တွေက ပြောပြပါတယ်။

တနင်္လာနေ့မှာတော့ နိုင်ငံရဲ့ ပါလီမန် အဆောက်အဦးနဲ့ အဆင့်တူတဲ့ ပြည်သူ့ခန်းမ အပါအဝင် အစိုးရ အဆောက်အဦး တော်တော်များများ မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့က သမ္မတ ကဒါဖီကို သစ္စာခံသူတွေ နေရာယူထားတဲ့ အချက်အချာကျတဲ့ မြို့လယ်ကို ဆန္ဒပြသူတွေက ဝင်ရောက် သိမ်းပိုက်ဖို့ ကြိုးစားစဉ်မှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း မြို့တော်ထဲမှာ ပထမဆုံး သေနတ်ပစ်သံတွေ ကြားရတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲတဲ့ အနေနဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီမြို့မှာတော့ ဆန္ဒပြသူတွေက မြို့ကို သူတို့ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပြီး ဒီနေ့မှာ အောင်ပွဲခံနေကြပါတယ်။

သမ္မတ ကဒါဖီရဲ့သား ဆာအိဖ် အယ်လ်-အစ်စ်လာမ် ကဒါဖီ (Saif al-Islam Gadhafi) ကလည်း တနင်္ဂနွေနေ့က ရုပ်မြင်သံကြားပေါ်ကနေ သူ့ဖခင်ဟာ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ကစပြီး နိုင်ငံအရှေ့ပိုင်းမှာ စခဲ့တဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေဟာ ပြည်ပရောက် လစ်ဗျားတွေ၊ အစ္စလာမ်ဝါဒီတွေ၊ နိုင်ငံခြား သတင်းမီဒီယာတွေ၊ မူးယစ်ဆေးစွဲနေသူနဲ့ ဒုစရိုက်သမားတွေကြောင့်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လစ်ဗျား လုံခြုံရေးတွေဘက်ကလည်း ဒီလို အခြေအနေမျိုး ကိုင်တွယ်ဖြေရှင်းဖို့ ကျကျနန လေ့ကျင့်ထားတာမျိုး မရှိတဲ့အတွက် ဆန္ဒပြသမားတွေအပေါ် နှိမ်နင်းတဲ့ နေရာမှာ အမှားတချို့ လုပ်ခဲ့တယ်လို့ သူက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

အခုလို သမ္မတ ကဒါဖီကို ဆန့်ကျင် ဆန္ဒပြမှုတွေဟာ မြို့တော် ထရီပိုလီအထိ ပျံ့နှံ့ ရောက်ရှိနေတဲ့အတွက် လစ်ဗျားမှာ ရှိနေတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ရေးအတွက် ဘရပ်ဆဲလ်မှာ ဆွေးနွေးနေကြပါတယ်။

XS
SM
MD
LG