သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားဆန္ဒပြမှုအပေါ် အကြမ်းဖက်မှု ပိုမိုပြင်းထန်


လစ်ဗျားဆန္ဒပြမှုအပေါ် အကြမ်းဖက်မှု ပိုမိုပြင်းထန်
လစ်ဗျားဆန္ဒပြမှုအပေါ် အကြမ်းဖက်မှု ပိုမိုပြင်းထန်

လစ်ဗျားနိုင်ငံက အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေဟာ အရှိန်အဟုန် မြင့်လာပြီး အနှစ် ၄၀ ကျော် အုပ်ချုပ်လာတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ အုပ်ချုပ်ရေးကို ကိုင်လှုပ်လာပါတယ်။ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှုတွေအဖြစ် တိုးမြှင့် ဖြစ်လာနေတယ်လို့ သိရပါတယ်။

လစ်ဗျားမြို့တော် ထရီပိုလီက မျက်မြင်တွေ အပြောအရ မြို့တော် အချို့နေရာတွေကို ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်တွေပေါ်ကနေ တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အစိုးရ လိုလားသူတွေကြား တိုက်ခိုက်မှုတွေကြောင့် အစိုးရ အဆောက်အဦးတွေ တော်တော်များများ အပါအဝင် လွှတ်တော်ကိုပါ မီးစွဲလောင်နေတယ်လို့ မြို့တော်က မျက်မြင်တွေက ပြောပါတယ်။

မြို့တော်တဝန်းမှာတော့ လက်နက်ကိုင် ပြည်သူ့စစ်တွေရဲ့ သေနတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

လစ်ဗျားအနီးက မော်လ်တာ ကျွန်းနိုင်ငံကိုတော့ လစ်ဗျားစစ်လေယာဉ် ၂ စင်း ထွက်ပြေး ရောက်ရှိလာပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းဖို့ သူတို့ကို အမိန့်ပေးခဲ့တယ်လို့ အဲဒီလေယာဉ်မှူးတွေက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားနိုင်ငံ ဒုတိယ သံအမတ်ကြီး အီဘရာဟင်မ် တဘရှီကလည်း မစ္စတာ ကဒါဖီ ရာထူးကနေ နှုတ်ထွက်ပေးဖို့နဲ့ စစ်ရာဇဝတ်မှုတွေအတွက် ရင်ဆိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပြည်ပရောက်နေတဲ့ လစ်ဗျားသံအမတ်တွေ အတော်များများဟာ ဆန္ဒပြ လူထုဘက်မှာ ရပ်တည်လိုက်ကြသလို လစ်ဗျားနိုင်ငံထဲက ထွက်ပြေးလာတဲ့ အစိုးရ အရာရှိတွေလည်း တော်တော်များများ ရှိနေပါတယ်။

ဆန္ဒပြသူတွေဟာ အရေးပါတဲ့ လစ်ဗျားမြို့ အချို့ကို ထိန်းထားလိုက်ပြီလို့လည်း သတင်းတွေ ထွက်နေပါတယ်။ လစ်ဗျားနိုင်ငံ တဝန်းမှာ အင်တာနက်တွေ၊ ဆက်သွယ်ရေးတွေကို ပိတ်ပင်ထားတာကြောင့် လစ်ဗျားနိုင်ငံတွင်း တကယ်ဖြစ်နေတဲ့ သတင်းတွေကိုတော့ အတည်ပြုဖို့ ခက်ခဲနေပါတယ်။

ဒုတိယမြို့တော် ဘန်ဂါဇီ အပါအဝင် အနည်းဆုံး မြို့ ၉ မြို့ကို ဆန္ဒပြသူတွေက ထိန်းချုပ်ထားလိုက်ပြီလို့ ပဲရစ်စ် အခြေစိုက်တဲ့ International Federation for Human Rights က တနင်္လာနေ့က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ သံရုံးဝန်ထမ်း မိသားစုတွေနဲ့ ဝန်ထမ်းတော်တော်များများကို အားလုံး လစ်ဗျားကနေ ပြန်ဖို့ အမိန့်ထုတ်ထားပါတယ်။ အမေရိကန် နိုင်ငံသားတွေ လစ်ဗျားနိုင်ငံကို မသွားကြဖို့လည်း တိုက်တွန်းနေပါတယ်။

ဥရောပဘက်က နိုင်ငံ အတော်များများကလည်း လစ်ဗျားနိုင်ငံအတွင်းက သူတို့ရဲ့ နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ဖို့ ပြင်ဆင် ကြိုးပမ်းနေကြပါတယ်။

XS
SM
MD
LG