လစ်ဗျားနိုင်ငံမှာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တရားလက်လွတ် ပစ်ခတ် သတ်ဖြတ် နေတာကြောင့် လစ်ဗျားမှာရှိတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံခြားသားတွေဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
အီဂျစ်နိုင်ငံဟာ လစ်ဗျားနဲ့ နယ်စပ်တလျှောက်မှာ စစ်မြေပြင် ဆေးရုံတွေ များစွာကို ဖွင့်လှစ်လိုက်ပြီးတော့ လစ်ဗျားမှာ အလုပ်လုပ်နေကြတဲ့ အီဂျစ် ရွှေ့ပြောင်းအလုပ်သမား ၁,၅၀၀,၀၀၀ ထဲကနေ ထွက်ပြေးလာနေကြ တဲ့ ၁၀,၀၀၀ ကျော်ကို ဆေးကုသ စောင့်ရှောက်ပေးနေပါတယ်။
အီဂျစ်လေယာဉ်ကြီး ၂ စီးကို လစ်ဗျားက ဘန်ဂါဇီမြို့ကို စေလွှတ်ဖို့ စီစဉ်နေပေမဲ့ ဘန်ဂါဇီလေဆိပ်ဟာ မီးလောင် ပျက်စီးနေပြီလို့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး အာမက် အဘူ ဂစ် (Ahmed Aboul Gheit) က ပြောပါတယ်။
တူရကီနိုင်ငံကလည်း သင်္ဘောကြီး ၃ စီးကို လစ်ဗျားကို စေလွှတ်ပြီး တူရကီနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူပေးနေပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ်စ် နာဗီ ပီလေး (Navi Pillay) ကလည်း ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ အကြင်နာတရား ကင်းမဲ့နေကြတဲ့ လစ်ဗျား အာဏာပိုင်တွေနဲ့ ကြေးစားစိတ်ဓာတ် ရှိနေတဲ့ လုံခြုံရေးတပ်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ မိမိရဲ့ ပြည်သူလူထုကို ကျည် အစစ်တွေသုံးပြီး ပစ်ခတ် သတ်ဖြတ်နေကြတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နယူးယောက်ခ်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း အင်္ဂါနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ လစ်ဗျား အရေးနဲ့ ပတ်သက်ပြီး အရေးပေါ် တံခါးပိတ် အစည်းအဝေး ထိုင်ကြမှာ ဖြစ်ပါတယ်။ လောလောဆယ် လစ်ဗျား သဘာပတိနိုင်ငံ ဖြစ်နေတဲ့ အာရပ်အဖွဲ့ချုပ်မှာလည်း အရေးပေါ် အစည်းအဝေး ဒီနေ့ ထိုင်ကြမှာ ဖြစ်ပါတယ်။
တနင်္လာနေ့က လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မိုမာ ကဒါဖီ (Moammar Gadhafi) ကို မိနစ် ၄၀ ဖုန်းဆက်ခဲ့ရာမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေတာကို သူ့အနေနဲ့ ဒေါသဖြစ်တယ်၊ ဒီသတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း အခုလို ဆန္ဒပြသူတွေကို ပစ်ခတ် သတ်ဖြတ်နေတာကို လက်ခံနိုင်စရာ မရှိဘူး၊ ချက်ချင်း အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့ မိုမာ ကဒါဖီကို တောင်းဆိုလိုက်ပါတယ်။
လစ်ဗျားနိုင်ငံမှာ အခုချိန်ထိ ပစ်ခတ် သတ်ဖြတ်ခံရလို့ သေဆုံးရသူ ဆန္ဒပြသူ ၂၃၃ ဦး ရှိပြီလို့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောဆိုပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်၊ အိန္ဒိယ၊ မလေးရှားဆိုင်ရာ လစ်ဗျားသံအမတ်တွေက ရာထူးက နှုတ်ထွက်ကြပြီး ဆန္ဒပြ လစ်ဗျားပြည်သူတွေကို ပစ်ခတ်နှိမ်နင်းဖို့ လစ်ဗျားစစ်တပ်က လက်မခံလို့ အာဖရိက ကြေးစားစစ်သား တွေ ခေါ်ယူ အသုံးပြုနေတယ်လို့ ပြည်တွင်းကနေ သူ သတင်းရရှိကြောင်း ကုလသမဂ္ဂရဲ့ လစ်ဗျား ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် အီဘရာဟင်မ် တဘရှီက ပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့ကတော့ ဆန္ဒပြသူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ ပေးအပ်တဲ့ အမိန့်ကို မနာခံဘဲ လေသူရဲ ၂ ဦးဟာ တိုက်လေယာဉ် ၂ စီးကို မြေထဲပင်လယ်ထဲက မော်လ်တာကျွန်းနိုင်ငံကို ထိုးဆင်းလာခဲ့ပြီး ခိုလှုံခွင့် တောင်းခံ ထားပါတယ်။