လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ အစိုးရ ဆန့်ကျင်ရေး အုပ်စုတွေအကြား ရက်အတော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့တွေက မြို့တော် ထရီပိုလီနဲ့ ၃၁ မိုင်လောက်ဝေးတဲ့ ဇာဝီယာ (Zawiya) မြို့ကို သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။
ဇာဝီယာမြို့လယ်မှာ လူတွေ စုဝေးခဲ့ကြပြီး ကဒါဖီ ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်နေကြတဲ့အကြောင်း ဇာဝီယာကို ရောက်သွားကြတဲ့ အနောက်တိုင်း သတင်းထောက်တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အပြင်းအထန် တိုက်ပွဲတွေကြောင့် လမ်းမတွေပေါ်မှာ မီးလောင်ထားတဲ့ကားတွေ၊ ဒုံးကျည်နဲ့ တခြား ကျည်ဆံတွေမှန်ပြီး ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကို တွေ့ရတဲ့အကြောင်း သတင်းထောက်တွေက ပြောပါတယ်။
တိုင်းပြည်ကို ၄၂ နှစ်လောက် အုပ်ချုပ်လာခဲ့တဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီက မြို့တော် ထရီပိုလီကို ဆက်လက် ထိန်းချုပ်ထားဆဲလို့ ဆိုပေမဲ့လည်း တိုင်းပြည်အရှေ့ပိုင်း တခြမ်းလုံးနဲ့ အနောက်ပိုင်းက မြို့အတော်များများကို အတိုက်အခံ အင်အားစုတွေက သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။
သူ့ရဲ့ခေါင်းဆောင်မှုကို ထောက်ခံတဲ့ တပ်ဖွဲ့တွေကို လက်နက် ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကဒါဖီက ပြောဆိုပြီး နောက်တနေ့မှာ ကဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ မြို့တော် ထရီပိုလီကို ရာသီဒေသမရွေး မောင်းလို့ရတဲ့ ကားတွေနဲ့ ကင်းလှည့်နေပါတယ်။ ဒါပေမဲ့ အစိုးရ လိုလားတဲ့ အုပ်စုတွေ သူတို့ရပ်ကွက်တွေထဲ မလာနိုင်အောင် ထရီပိုလီမြို့ခံ တချို့က လမ်းတွေ ပိတ်ထားကြပါတယ်။
စစ်ဘက်၊ အရပ်ဘက် ၂ ခုစလုံး ပါဝင်တဲ့ ကြားဖြတ်အစိုးရ အဖွဲ့ကို လစ်ဗျားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဘန်ဂါဇီမှာ ဖွဲ့စည်းလိုက်တဲ့အကြောင်း ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနနဲ့ စနေနေ့ နှောင်းပိုင်းက ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လစ်ဗျား တရားရေး ၀န်ကြီးဟောင်း မူစတာဖာ အပ်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) က လစ်ဗျား ပြည်သူလူထု စိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အထိ ၃ လထက် မပိုတဲ့ ကာလလောက်ပဲ သူ့အနေနဲ့ အဲဒီ ကြားဖြတ်အစိုးရကို ဦးဆောင်သွားမယ်လို့ ပြောပါတယ်။
အပ်ဘ်ဒဲလ် ဂျာလေးလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ၀န်ကြီးရာထူးက အနားယူပြီး ကဒါဖီကို ဆန့်ကျင် ဆန္ဒပြနေကြသူတွေနဲ့ သွားရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။