လစ်ဗျားမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်နေတာဟာ နိုင်ငံတကာ ကျင့်ဝတ်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ မနေ့က ပြောလိုက်ပါတယ်။
လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ အားလုံးကို အပြည့်အ၀ ပြင်ဆင်ထားဖို့လည်း အမျိုးသား လုံခြုံရေးအဖွဲ့ကို သမ္မတ အိုဘားမားက အမိန့်ပေးထားပါတယ်။
လစ်ဗျားအစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေ အားလုံးက တသံတည်း ပြောဆိုဖို့ လိုအပ်နေပြီလို့လည်း သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ ဒါဟာ အခုဖြစ်နေတဲ့ လစ်ဗျား အရေးအခင်းနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားရဲ့ ပထမဆုံး ပြောဆိုချက်ပါ။
လစ်ဗျားမှာ ဖြစ်နေတာတွေက တရားလက်လွန်နဲ့ လက်မခံနိုင်အောင် ဖြစ်နေပြီလို့ ဆိုပါတယ်။ လစ်ဗျားက အကြမ်းဖက် နှိမ်နင်းမှုတွေကို ရပ်တန့်စေရေး နိုင်ငံတကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို ဂျနီဗာကို စေလွှတ်ထားတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
လစ်ဗျားအစိုးရက လုပ်နေတဲ့ အကြမ်းဖက်မှုတွေဟာ လက်ခံနိုင်စရာ မရှိဘူး၊ ဒီအကြမ်းဖက်မှုတွေကို လစ်ဗျားခေါင်းဆောင် ကဒါဖီ (Moammar Gadhafi) က ရှင်းပြရလိမ့်မယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အသိပေးဖို့ အမေရိကန်က နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အနီးကပ် ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မနေ့ကပဲ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရိုလီ (P.J Crowley) ကလည်း လစ်ဗျားအစိုးရကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ဆိုပါတယ်။
လစ်ဗျားခေါင်းဆောင် ကဒါဖီကို ထောက်ခံသူတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက်နေကြတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အပြစ်တင် ဝေဖန်တာတွေက တိုးမြင့်လာနေတာပါ။
EU ဥရောပသမဂ္ဂကတော့ လစ်ဗျားကို အရေးယူ ဒဏ်ခတ်ရေး ပြင်ဆင်ဖို့ ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ ပြင်သစ်သမ္မတ ဆာကိုဇီ (Nicolas Sarkozy) ကလည်း ထိရောက် ခိုင်မာတဲ့ အရေးယူမှုတွေကို ပီပီပြင်ပြင်လုပ်ဖို့ EU အဖွဲ့ကို တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂရဲ့ တုံ့ပြန်ချက် တခုကတော့ မစ္စတာ ကဒါဖီရဲ့ သမီးတဦးဖြစ်တဲ့ အီရှာ အယ်လ်-ကဒါဖီ (Aisha al-Gadhafi) ကို UNDP လို့ခေါ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှာ လစ်ဗျားရဲ့ ချစ်ကြည်ရေး သံတမန်နဲ့ ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်ထားတဲ့ တာဝန်ကို ရပ်တန့်လိုက်တာပါပဲ။
သူ့ကို ၂၀၀၉ ခုနှစ်က ဒီရာထူးကိုပေးပြီး HIV/AIDS ကာကွယ်ရေးနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ ကိစ္စတွေ ဆန့်ကျင်ရေး ဆောင်ရွက်ဖို့ ကုလသမဂ္ဂက ရွေးချယ် ခန့်အပ်ခဲ့တာပါ။ ဒီတာဝန်ကို အခု ရပ်လိုက်ပြီလို့ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။