လစ်ဗျားနိုင်ငံမှာ ယာယီအစိုးရ တပ်ဖွဲ့ဝင်တွေက မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆာတီ (Sirte) ကို စီးနင်းဖို့ ကြိုးပမ်းနေချိန်မှာ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) နဲ့ ဘန်ဂါဇီ (Benghazi) မြို့တွေကို ကြာသပတေးနေ့မှာ ရောက်ရှိလာတဲ့ ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့ကို ကြီးမားတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
လစ်ဗျားလူထုကြီးကို မစ္စတာ ကမ်မရွန်းက ခင်ဗျားတို့ဟာ ကမ္ဘာကြီး တခုလုံးကို စိတ်ဓာတ် တက်ကြွစေနိုင်ခဲ့သူတွေပါ၊ ခင်ဗျားတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ဗြိတိသျှ ပြည်သူတွေက လေးစား အသိအမှတ် ပြုပါတယ်လို့ ပြောပါတယ်။
သမ္မတ ဆာကိုဇီကတော့ ဂဒါဖီ ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ဘူမိနက်သံဖြစ်တဲ့ ဘန်ဂါဇီမြို့မှာ ကျယ်ကျယ်လောင်လောင် အားပေးမှုကို ခံခဲ့ရပါတယ်။ လစ်ဗျားဟာ စည်းလုံးညီညွတ်တဲ့ လစ်ဗျား ဖြစ်တယ်လို့ ပြင်သစ်တွေက ယုံကြည်ကြပါတယ်၊ ကွဲပြဲနေတဲ့ လစ်ဗျားလို့ မယူဆပါဘူးလို့ မစ္စတာ ဆာကိုဇီက ပြောဆိုခဲ့တာပါ။
မစ္စတာ ကမ်မရွန်းနဲ့ မစ္စတာ ဆာကိုဇီတို့ဟာ သက်တမ်းရှည်ကြာတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ ဖြုတ်ချအပြီး ပထမဦးဆုံး ရောက်လာတဲ့ နိုင်ငံအဆင့်မြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
ကြာသပတေးနေ့ စောစောပိုင်း ထရီပိုလီမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကမ်မရွန်းက မွမ်မာ ဂဒါဖီနဲ့ သူ့ရဲ့နောက်လိုက်တွေကို လက်နက်ချကြဖို့ တိုက်တွန်းသွားပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်က ဂဒါဖီကို ရှာဖွေဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ အကူအညီ ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ ကမ်မရွန်းနဲ့ မစ္စတာ ဆာကိုဇီတို့ဟာ ထရီပိုလီမှာ လစ်ဗျား အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒေးလ် ဂျာလေး (Mustafa Abdel Jalil) အပါအဝင် ကောင်စီဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။