သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်း လစ်ဗျားအရပ်သားတွေကို ကူညီနိုင်ဖို့ ကုလ ခွင့်တောင်း


စစ်အတွင်း လစ်ဗျားအရပ်သားတွေကို ကူညီနိုင်ဖို့ ကုလ ခွင့်တောင်း

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မီစ်ရာတာ (Misrata) မြို့မှာ တိုက်ပွဲတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေကို ကူညီနိုင်ဖို့ ကုလသမဂ္ဂ ၀င်ရောက်ခွင့်ပေးဖို့ တောင်းဆိုနေပါတယ်။

အဲဒီဒေသမှာ အကူအညီတွေ အမြန်ဆုံး လိုအပ်နေတာမို့ သွားရောက်ခွင့်ပေးဖို့ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး တာဝန်ခံ ဗယ်လာရီ အားမို့စ် (Valerie Amos) က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံတွေကြား နှစ်ဘက် တိုက်ခိုက်မှုတွေမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်ကြဖို့လည်း ပြောကြားပါတယ်။

လစ်ဗျားအရှေ့ပိုင်း ဘန်ဂါဇီမှာရှိတဲ့ လခြမ်းနီ ကယ်ဆယ်ရေးအဖွဲ့က ထရီပိုလီမြို့တော် အရှေ့ဘက် မိုင် ၁၂၅ လောက်မှာရှိတဲ့ မီစ်ရာတာမြို့ကို မစ္စတာ ကဒါဖီရဲ့ တပ်တွေ တိုက်ခိုက်နေတယ်လို့ ပြောကြားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုရုံးက ပြောပါတယ်။

လခြမ်းနီ အသင်းက သေဆုံး ဒဏ်ရာရသူတွေကို သယ်နိုင်ဖို့ ထရီပိုလီက လူနာတင်ကားတွေ ရအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီရဲ့ တပ်တွေက လစ်ဗျား အနောက်ပိုင်းက မြို့တော် ထရီပိုလီကို ထိန်းချုပ်ထားသလို သူ့ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အတိုက်အခံတွေကတော့ အရှေ့ပိုင်းဒေသ အတော်များများကို ထိန်းချုပ်ထားပါတယ်။

တနင်္ဂနွေနေ့မှာ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီရဲ့ သစ္စာခံတပ်တွေက အတိုက်အခံ ဆန့်ကျင်သူတွေကို ဝေဟင်ကရော မြေပြင်ကပါ တိုက်ပွဲတွေ ဆင်နေပါတယ်။

ကဒါဖီရဲ့ တပ်တွေက နိုင်ငံ အရှေ့ခြမ်းမှာရှိတဲ့ ရေနံဆိပ်ကမ်းမြို့ကို တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့သလို အတိုက်အခံ တချို့ကလည်း ဘင်ဂျဝပ် (Bin Jawad) မြို့မှာ ကဒါဖီရဲ့ တပ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ဟာ ဘင်ဂျဝပ်မြို့ကနေ အနောက်ဘက် မိုင် ၉၀ အကွာမှာရှိတဲ့ မစ္စတာ ကဒါဖီရဲ့ ဇာတိ ဆာတီ (Sirte) အပြင် ထရီပိုလီမြို့တော်အထိ ရောက်အောင် သွားကြမယ်လို့လည်း ပြောပါတယ်။

ဆာတီမှာ ကဒါဖီ လိုလားသူတွေက ထိန်းချုပ်ထားပြီး တနင်္ဂနွေနေ့မှာ တပ်တွေကို ထပ်ပြီး ဖြည့်ထားတာ တွေ့ရတယ်လို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

ဆာတီရဲ့အနောက် ထရီပိုလီမြို့တော်နားက မီစ်ရာတာမှာ နေထိုင်သူတွေကတော့ မစ္စတာ ကဒါဖီရဲ့ တပ်တွေက တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သေဆုံး ဒဏ်ရာရသူ အရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။

XS
SM
MD
LG