သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် လုံခြုံရေးကောင်စီ ချမှတ်


လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် လုံခြုံရေးကောင်စီ ချမှတ်
လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် လုံခြုံရေးကောင်စီ ချမှတ်

လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်ပါပြီ။ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိနဲ့ ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်လိုက်တာပါ။ ဘရာဇီး၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယနဲ့ ရုရှားတို့က မဲမပေးခဲ့ကြပါဘူး။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက အဆိုကို တင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကဒါဖီရဲ့ တပ်တွေက ဗုံးကြဲနေတဲ့အတွက် အရပ်သားတွေကို အကာအကွယ်ပေးဖို့ လစ်ဗျားနိုင်ငံအပေါ်မှာ မပျံသန်းရဇုန်ကို သတ်မှတ်ဖို့ လိုအပ်တာ မှန်သမျှ လုပ်ပိုင်ခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ဘယ်နိုင်ငံခြားတပ်မှ လစ်ဗျားနိုင်ငံကို သိမ်းပိုက်ဖို့ ခွင့်ပေးမထားပါဘူး။

ဒီဆုံးဖြတ်ချက်ကို ဗြိတိန်၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံတွေက အမေရိကန်နဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုနဲ့ ကမကထ ပြုခဲ့တာပါ။ ကာတာနဲ့ ယူအေအီး နိုင်ငံတို့က ဒီဆုံးဖြတ်ချက်ကို ထောက်ခံမယ်လို့ အာရပ် သံတမန်တွေက ပြောခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူရင် မြေထဲပင်လယ်ဒေသမှာ ရေကြောင်း လေကြောင်း သွားလာနေကြတဲ့ ယာဉ်မှန်သမျှ အန္တရာယ် ကြုံရနိုင်တယ်လို့ လစ်ဗျား နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားက သတိပေးလိုက်ပါတယ်။ ဒီနေရာတွေမှာ သွားလာနေတဲ့ အရပ်ဘက် စစ်ဘက် ယာဉ်တွေဟာ လစ်ဗျားရဲ့ တန်ပြန်ထိုးစစ် ပစ်မှတ်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက် မချမီ နာရီ အတော်ကြာကြာတုန်းက လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီမြို့က သူပုန်တွေ အနေနဲ့ လက်နက်ချရင်ချ၊ ဒါမှမဟုတ် အစိုးရက စီးနင်းတိုက်ခိုက်မှာကို ရင်ဆိုင်လို့ မိုမာ ကဒါဖီ (Moammar Gadhafi) က သတိပေးလိုက်ပါတယ်။

XS
SM
MD
LG