သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ ဇနီးနဲ့ သားသမီးတွေ အယ်လ်ဂျီးရီးယားမှာ ခိုလှုံ


ဂဒါဖီ ဇနီးနဲ့ သားသမီးတွေ အယ်လ်ဂျီးရီးယားမှာ ခိုလှုံ
ဂဒါဖီ ဇနီးနဲ့ သားသမီးတွေ အယ်လ်ဂျီးရီးယားမှာ ခိုလှုံ

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇနီးနဲ့ ကလေး ၃ ယောက်ဟာ တနင်္လာနေ့မှာ အယ်လ်ဂျီးရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။ သူတို့ကို အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက လစ်ဗျားကို နောက်ပိုင်းမှာ လွှဲပြောင်းပြီး အပ်နှံပေးဖို့ လစ်ဗျား အတိုက်အခံ သူပုန်တွေက တောင်းဆိုခဲ့ကြပါတယ်။

မစ္စတာ ဂဒါဖီရဲ့ ဇနီးဖြစ်သူ ဆဖီယာ (Safiya)၊ သမီး အီရှာ (Aisha) နဲ့ သား ၂ ယောက်ဖြစ်တဲ့ မိုဟာမက် (Mohammad) နဲ့ ဟန်နီဘောလ် (Hannibal) တို့ဟာ အယ်လ်ဂျီးရီးယားနိုင်ငံကို ကားနဲ့ လာရောက်ခဲ့တယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

မစ္စတာ ဂဒါဖီရဲ့ သားသမီးတွေနဲ့အတူ သားမက်၊ ချွေးမနဲ့ မြေးတွေပါ အတူ လိုက်ပါလာကြတယ်လို့လည်း ပြောပါတယ်။

ဒီလို ရောက်လာကြတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုရော၊ လစ်ဗျား အတိုက်အခံတွေရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (TNC) ကိုပါ အကြောင်းကြားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက ပြောပါတယ်။

မြောက်အာဖရိက ဒေသက လစ်ဗျားရဲ့ တဦးတည်းသော အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဂျီးရီးယားက လစ်ဗျား အတိုက်အခံ TNC အဖွဲ့ကို အသိအမှတ်မပြုဘဲ မစ္စတာ ဂဒါဖီကို ထောက်ခံနေတဲ့အပြင် ကြေးစား စစ်သားတွေကိုပါ စေလွှတ်ခဲ့တယ်လို့ အတိုက်အခံ သူပုန်တွေဘက်က အရင်တုန်းက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယားက ဒါကို ငြင်းဆိုပါတယ်။

လစ်ဗျားခေါင်းဆောင် မစ္စတာ ဂဒါဖီနဲ့အတူ သူ့ရဲ့သားတွေ အခုထိ ဘယ်မှာရှိနေတယ် ဆိုတာကို ဘယ်သူမှ မသိကြသေးပါဘူး။

သားတယောက်ဖြစ်တဲ့ ခါမစ်စ် (Khamis) ဟာ စနေနေ့ ထရီပိုလီ (Tripoli) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အတိုက်အခံ ထိပ်တန်း အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ အခုထက်ထိ အတိအကျ ဘယ်သူမှ မသိသေးပါဘူး။

XS
SM
MD
LG