လစ်ဗျားအပေါ် တုံ့ပြန်နိုင်မယ့် ဖြစ်နိုင်ခြေတွေ အားလုံး ဆောင်ရွက်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့ သဘောတူလိုက်ကြပါတယ်။
အဲဒီ တုံ့ပြန်နိုင်မယ့် ကိစ္စတွေထဲမှာ လက်နက်ပိတ်ဆို့ အရေးယူတာ၊ မပျံသန်းရဇုန် သတ်မှတ်တာ၊ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေ ပါဝင်ကြပါတယ်။
ခေါင်းဆောင် ၂ ယောက်က အင်္ဂါနေ့က တယ်လီဖုန်းကနေ စကားပြောခဲ့ကြတာ ဖြစ်ပါတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
နှစ်နိုင်ငံလုံးရဲ့ ဘုံရည်မှန်းချက်က အကြမ်းဖက်တာကို လစ်ဗျားက အဆုံးသတ်ရေးဖြစ်ပြီး အာဏာကနေ မြန်နိုင်သမျှ အမြန်ဆုံး ကဒါဖီ ထွက်သွားရေးဖြစ်တယ် ဆိုတာကို သဘောတူခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ကဒါဖီရဲ့ တပ်တွေက သူပုန်တွေအပေါ် လေကြောင်းက တိုက်ခိုက်မှု တိုးမြှင့်လာတာနဲ့အမျှ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖို့ နိုင်ငံတကာက တောင်းဆိုလာကြတာပါ။ သေဆုံးသူ အရေအတွက်ကလည်း ရာချီရာက ထောင်ချီအထိ များလာခဲ့ပါတယ်။
လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရာမှာ လစ်ဗျား လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ လိုအပ်လာစရာ ရှိတယ်လို့ အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါကြောင့် အမေရိကန်က အဲဒီလို သတ်မှတ်ဖို့ သူ့ မဟာမိတ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် စိတ်အားထက်သန်မှု သိပ်မရှိခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ရေးဆွဲနေပြီး ဒီအပတ် အစောပိုင်းမှာ လုံခြုံရေးကောင်စီကို တင်ပြဖို့အကြောင်း ရှိနေပါတယ်။