သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီဒိုလမ်းမပေါ်မှာ စစ်တပ်နဲ့ KIA ကြား တိုက်ပွဲတွေရှိနေဆဲ


KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)
KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)

{Zawgyi/Unicode}

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လီဒိုလမ်းမပေါ်မှာ ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက စစ်တပ် စစ်ကြောင်းကို ကချင်လက်နက်ကိုင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ လီဒိုလမ်းမတလျှောက်မှာ စစ်တပ်နဲ့ KIA ကြား ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေ စတင်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ နေ့တိုင်းနီးပါး ဖြစ်နေတာပါ။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က တိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

စက်တင်ဘာလ ဒုတိယပတ်ကစပြီး ကချင်ပြည်နယ်၊ တနိုင်းနဲ့ ရှင်ဗွေယန်ကြား လီဒိုလမ်းမှာ စစ်တပ် နဲ့ KIA ကြား တိုက်ပွဲတွေ စဖြစ်ခဲ့ပြီးတဲ့နောက် လီဒိုလမ်းမတကြောမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ ဒီကနေ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံရွာသားတဦးက VOA ကို ပြောပါတယ်။

“ဝါရာဇွပ်ကျေးရွာအနောက်ပေါ့။ ယုဇန-တရုတ်တံတားပေါ့။ တရုတ်တံတားဝန်းကျင်ပေါ့။ ၁၀ နာရီခွဲ ဝန်းကျင်ဗျ။ ဖြစ်တာတော့ တပ်ဘက်က ဒီမနက်ပိုင်းဆင်းခဲ့တာလေ။ ၇၀-၈၀ လောက်တော့ ရှိတယ် လူ၊ လက်နက်ကြီးရော၊ အသေးရောပေါ့။ အဲလို အပြန်အလှန် အသံကြားတာပေါ့။ ၁ နာရီလောက်ပေါ့။”

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကျေးရွာတွေနဲ့ အလှမ်းဝေးပြီး ရွာသားတွေ သွားကြည့်ဖို့ ခက်ခဲတာကြောင့် အထိအခိုက် အသေအပျောက်တော့ မသိရကြောင်း ပြောပါတယ်။
အခြားဒေသခံတဦးကတော့ တနိုင်းဘက်ကို ရိက္ခာပို့သွားတဲ့ ယာဉ်တန်းလုံခြုံရေးတပ်ဖွဲ့တွေ အပြန်မှာ KIA က ကြားဖြတ် မိုင်းခွဲတိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း တနိုင်းမြို့ နယ်၊ တိန်ကောက်အနီးမှာ အလားတူ တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ တိုက်ပွဲသတင်းကို မရသေးကြောင်းနဲ့ လီဒိုလမ်းမှာတော့ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိတာကြောင့် နေ့တိုင်းလို တိုက်ပွဲဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ဆီမှာ မတက်သေးဘူး။ ဖြစ်တော့ ဖြစ်မှာပါ။ ဒါပေမဲ့ ဘာမှ ပြည့်ပြည့်စုံစုံသတင်းတွေ တက်တာ မရှိသေးပါဘူး။ အခုတလောကတော့ လီဒိုလမ်းဘက်မှာကတော့ နေ့တိုင်းလို ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့က ရိက္ခာပို့တာတွေ ရှိတယ်။ နောက် သူတို့ရဲ့တပ်ပတ်ဝန်းကျင်မှာ ဒီ လုံခြုံရေးလှုပ်ရှားမှုတွေရှိတယ်။ အဲဒါကြောင့် တိုက်ပွဲတွေကတော့ နေ့တိုင်းလို ဖြစ်တာရှိပါတယ်။ ဒါပေမဲ့ သိပ်ပြီးမှ မပြင်းထန်လှဘူး။”

ဒီကနေ့ တိုက်ပွဲဖြစ်တဲ့ တရုတ်တံတားအနီးမှာ ဒီလ ၁ ရက်နေ့ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီးကျည်တွေ ဝါရာဇွပ်ရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် လူနှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ယာဉ်တန်းကို KIA က မိုင်းခွဲ တိုက်ခိုက်တာရှိခဲ့ပါတယ်။

ခုလို ကချင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ KIA ကြား တိုက်ပွဲဖြစ်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့နယ်၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးဘက်မှာလည်း MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုက်ပွဲတွေရှိခဲ့ပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်ငြိမ်နေပေမဲ့ စစ်တပ်ဘက်က အင်အားတိုးချဲ့တာတွေ ရှိနေတယ်လို့ မုံးကိုးဒေသခံတဦးက ပြောပါတယ်။

“ဒီမှာဖြစ်တာက အောက်တိုဘာ ၂ ရက်နေ့ ဖြစ်တာ။ ဖြစ်တာ တရက်လုံးဖြစ်တာ အဲဒီရက်က။ဒီ မုံးကိုး အကျော်ပါပဲ၊ ကောင်းလုံအောက်ဘက်မှာ။ ဒီ ၂ ရက်၊ ၃ ရက်တော့ နည်းနည်း ငြိမ်နေတယ်ဗျ။ အသံမကြားဘူး။ ဒီ၂ ရက်၊ ၃ ရက်။”

MNDAA ပြန်ကြားရေးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒီလ ၃ ရက်နေ့ကနေ ၅ ရက်အတွင်း တိုက်ပွဲ ၅ နေရာဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၃ ရက်နေ့က ကိုးကန့်- ရှင့်ထန်ဒေသ၊ ပေါက်ပေါက်ရွာ၊ ၄ ရက်နေ့မှာ မုံးကိုးဒေသ- လုံလောက်လန်းရွာနဲ့၅ ရက်နေ့မှာတော့ ကိုးကန့်၊ မုံးကိုးနဲ့ သိန္နီဒေသတွေမှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၅ လကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ့်အကြောင်း စစ်ကောင် စီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပေမဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေရှိနေသလို စစ်ကိုင်းတိုင်းအတွင်းမှာလည်း တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


=====

{Unicode}















XS
SM
MD
LG