သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံ အဖုအထစ်များ


ရှမ်းပြည် မြောက်ပိုင်းက လောက်ကိုင်မြို့မှာ မြန်မာတပ်မတော်က လုံခြုံရေး ကင်းလှည့်နေစဉ်
ရှမ်းပြည် မြောက်ပိုင်းက လောက်ကိုင်မြို့မှာ မြန်မာတပ်မတော်က လုံခြုံရေး ကင်းလှည့်နေစဉ်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ဖြစ်စဉ်လို့ သတ်မှတ်ထားတဲ့ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပဖို့ နီးကပ်လာချိန်မှာပဲ အစိုးရဘက်က စစ်ရေး အပြုအမူတွေကို ရပ်ဆိုင်းဖို့လို အပ်တယ်လို့ တိုင်းရင်းသားအဖွဲ့တချို့ကပြောလာကြပါတယ်။

တချိန်တည်းမှာပဲ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီးသာဖြစ်တဲ့ ABSDF ကျောင်းသား တပ်မတော် ကလည်း သူတို့ရဲ့ ခေါင်းဆောင်တဦးကို ဖမ်းဆီးထားတဲ့ကိစ္စဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။

မြန်မာတပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေဆဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တအာင်းပလောင် အဖွဲ့က မနေ့ ဇန်နဝါရီလ (၇)ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလိုဖေါ်ပြထားတာပါ။

“NLD အစိုးရအနေဖြင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးမူဝါဒ (၇)ချက်ကို ပြန်လည်သုံးသပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်သည့် လက်တွေ့ကျသော ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်ရန်တိုက်တွန်းလိုက်ပါသည်။ မိမိတို့အနေဖြင့်လည်း လက်ရှိထိုစစ်များကို ရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းနိုင်ရန်အတွက် ဆန္ဒအပြည့်အဝရှိပါသည်။”

ဒီကြေညာချက်ထွက်လာတဲ့အချိန်မှာပဲ မြောက်ပိုင်းမဟာမိတ်တို့ရဲ့ နယ်မြေတခုဖြစ်တဲ့ လောက်ကိုင်မြို့မှာ သောကြာနေ့ည က ကားဗုံးထောင် ပေါက်ကွဲမှု တခုဖြစ်ပြီး အနည်းဆုံးလူ ၁ ဦး မီးလောင်ဒဏ်ရာရသွားပါတယ်။ ဘယ်သူဘယ်ဝါလက်ချက်လို့ အတိအကျ မဖေါ်ထုတ်နိုင်သေးတဲ့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သူတို့အဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ TNLA တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး တာဖုန်းကျော် ကပြောပါတယ်။

“ကျနော်တို့ မြောက်ပိုင်း မဟာမိတ်က သေချာဆွဲထားတဲ့ plan ထဲမှာတော့ အခုလုပ်ဆောင်မှုမျိုး မပါပါဘူး .. ကျနော်တို့လည်း သေချာတော့ မသိရသေးပါဘူး။”

အကဲခတ်တချို့ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့် MNDAA အဖွဲ့ ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ NCA ကိုလက်မှတ်ရေးထိုးထားပြီး ပထမအကြိမ် ၂၁ပင်လုံညီလာခံကို တက်ရောက်ခဲ့တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကလည်း သူတိုရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ ဖမ်းဆီးအရေးယူထားတဲ့ ကိစ္စကို ကန့်ကွက်ထားပါတယ်။ ဒီကိစ္စကို ပြေလည်အောင်မဖြေရှင်းနိုင်ဘူး ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်တယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက မနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“ဒီဖြစ်စဉ်ကတော့ ကျနော်တို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်တာပဲ။ ယုံကြည်မှုကို ထိခိုက်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းကိုတောင် ဖမ်းတယ်ဆိုရင်၊ လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့အစည်းတွေဆိုရင် ပိုပြီးစိုးရိမ်ကြမှာပါ။ အခုလို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ကို ဖမ်းတာ ဘာအဓိပ္ပါယ်လဲပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာတော့ ပြည်သူလူထုပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် မေးခွန်းထုတ်ချင်စရာရှိမှာပဲ။”

၂၀၁၆ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ပင်လုံညီလာခံကိုတက်ရောက်ခဲ့ပေ မယ့် NCA အပစ်အခတ်ရပ်စဲရေးစာချုပ် ကိုလက်မှတ်ရေး မထိုးထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖဒရယ်ကောင်စီ ဒုဥက္ကဌ နိုင်ဟံသာကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေးဟာ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးတန်းတူ အခွင့်အရေးရရှိတဲ့အပေါ်မှာ အဓိကမူတည်တယ်လို့ ဆိုပါတယ်။ ဒီလိုမဟုတ်ပဲ စစ်အင်အားကိုပဲ အားကိုးနေရင် ပြည်ထောင်စုတောင် ပြိုကွဲနိုင်တယ်လို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြောကြားခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းမှာ အခုလိုပြောဆိုခဲ့ပါတယ်။

“ဗမာလူမျိုးကပဲ လွှမ်းမိုးရမယ်၊ ချယ်လှဲရမယ်၊ ဦးဆောင်ရမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ စတုတ္ထနိုင်ငံတော်တည်ဆောက်မယ်၊ ကျန်တဲ့လူမျိုးတွေက ဗမာနိုင်ငံမှာ မှီခိုကပ်ပြီးနေနေရမယ်ဆိုတဲ့ ပုံစံမျိုး၊ စိတ်ထားမျိုးကို ကျင့်သုံးနေရင် ကျနော်တို့နိုင်ငံက ဘယ်လိုမှ မအေးချမ်းနိုင်ဘူး။ ကနေ့ ရှိနေတဲ့ အနေအထားက စစ်ပွဲနည်းနဲ့ အကြမ်းဖက်ပြီးတော့မှ ဖြေရှင်းနေလို့ ကနေ့ တိုင်းရင်းသားတွေလဲ အမျိုးမျိုး ဒုက္ခဖြစ်တယ်။ ဗမာလူမျိုးတွေလည်း အမျိုးမျိုးဒုက္ခရောက်တယ်။ တို့နိုင်ငံကလည်း တော်တော်လေး မွဲရင်းမွဲရင်းနဲ့ လူမျိုးချင်းကြားမှာလည်း အမုန်းတရားတွေကလည်း တော်တော်လေးပွားများလာပါတယ်။ စစ်ရေးကလည်း ကြီးမားလာနေတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ဖေဖေါ်ဝါရီလအတွင်း ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံမှာ သက်ဆိုင်တဲ့အဖွဲ့အားလုံးပါဝင်ပြီး ကျင်းပနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက ကြိုးစားပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG