သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး တည်တံ့ဖို့ မြန်မာ၊ တရုတ်၊ အိန္ဒိယခေါင်းဆောင်တွေ ကတိပြု


တရုတ်သမ္မတ Xi Jinping (လယ်)၊ မြန်မာသမ္မတ ဦးသိန်းစိန် (ယာ)တို့အား Great Hall မှာ တွေ့ရစဉ်။ (ဂျွန် ၂၈၊ ၂၀၁၄)
တရုတ်သမ္မတ Xi Jinping (လယ်)၊ မြန်မာသမ္မတ ဦးသိန်းစိန် (ယာ)တို့အား Great Hall မှာ တွေ့ရစဉ်။ (ဂျွန် ၂၈၊ ၂၀၁၄)

တရုတ်နိုင်ငံဟာ ဘယ်လောက်ပဲ အင်အားကြီးနိုင်ငံဖြစ်လာပါစေ၊ ဗိုလ်ကျလွှမ်းမိုးတာ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီဂျင်းပင်က
ပြောလိုက်ပါတယ်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ ၃ နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အခြေခံမူတွေကို သဘောတူခဲ့ကြတာ အနှစ် ၆၀ ပြည့်
အထိမ်းအမှတ်အခမ်းအနားမှာ တရုတ်သမ္မတက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဒီအခြေခံမူတွေကို နိုင်ငံတကာဆက်ဆံရေးရဲ့ စံနှုန်းတွေအဖြစ် ကျင့်သုံးသွားသင့်တယ်လို့ ဆိုခဲ့ပါတယ်။ အာရှဒေသမှာ တရုတ်ရဲ့ အင်အားကြီးမားလာမှုအပေါ် နိုင်ငံ တချို့က စိုးရိမ်နေကြချိန်မှာ တရုတ်သမ္မတက ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကိုပဲ ရွေးချယ်သွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက်တင်ပြပေးထားပါတယ်။

စစ်အေးစစ်ဖြစ်နေစဉ်ကာလမှာ မြန်မာ၊ တရုတ်နဲ့ အန္ဒိယ အိမ်နီးချင်းနိုင်ငံ ၃ ခုကြားမှာ ဘက်မလိုက်ရေးမူအဖြစ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း
အတူယှဉ်တွဲ နေထိုင်နိုင်ရေး အခြေခံမူ ၅ ချက်ကို ၁၉၅၄ ခုနှစ်မှာ ချမှတ်ခဲ့ကြပါတယ်။ ဒီလိုချမှတ်နိုင်ခဲ့တာ အနှစ် ၆၀ ပြည့်သွားတဲ့ အထိမ်းအမှတ် အခမ်းအနားကို စနေနေ့တုန်းက တရုတ်နိုင်ငံဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့စဉ်မှာ ဒေသတွင်း ဆက်လက် ငြိမ်းချမ်းနေအောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံ ၃ နိုင်ငံလုံးက ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံဟာ စီးပွားရေးရော စစ်ရေးအရပါ အင်အားကြီးမားလာနေတဲ့ အပေါ် နိုင်ငံတချို့က စိုးရိမ်နေသလို တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်အငြင်းပွားမှုနဲ့ ပါတ်သက်လို့ တရုတ်ဖက်က ဆောင်ရွက်မှုတွေအပေါ် ဝေဖန်စရာဖြစ်နေချိန်မှာ တရုတ်သမ္မတရှီဂျင်းပင်က သူ့နိုင်ငံအနေနဲ့ ဗိုလ်ကျလွှမ်းမိုးမှုမျိုးကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

“တရုတ်နိုင်ငံ ဘယ်လောက်ပဲ အင်အားကြီးတဲ့ နိုင်ငံဖြစ်လာပါစေ၊ ကျနော့်အနေနဲ့ ဗိုလ်ကျလွှမ်းမိုးတာမျိုး ဘယ်တော့မှာလုပ်မှာ မဟုတ်ပါဘူး၊
တရုတ်နိုင်ငံလိုပဲ တခြားနိုင်ငံတွေကလည်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကို လျှောက်လှမ်းစေချင်ပါတယ်။ တရုတ်နိုင်ငံကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်သွားမှာပါ။ ငြိမ်းချမ်းတဲ့ နည်းဟာ တရုတ်နိုင်ငံတခုထဲအတွက်တင် မဟုတ်ဘဲ အာရှဒေသအတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။”

အခြေခံမူ ၅ ချက်ထဲမှာပါတဲ့ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဆိုတဲ့ မူကိုလည်း တရုတ်က ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာကို ထပ်ပြီး ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်ခဲ့စဉ် ကာလတလျှောက်လုံး တရုတ်က အဲဒီမူကို လက်ကိုင်ထားပြီး မြန်မာနဲ့
နိုင်ငံရေးအရရော စီးပွားရေးအရပါ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့အတွက် နိုင်ငံတကာမှာ ဝေဖန်စရာဖြစ်ခဲ့တာပါ၊ အချုပ်အခြာအာဏာနဲ့ပိုင်နက် တည်တံ့ခိုင်မြဲရေး အပေါ် အပြန်အလှန်လေးစားကြရေး၊ တနိုင်ငံနဲ့တနိုင်ငံ မကျူးကျော်ရေး၊ တဖက်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး၊
၂ ဖက်အကျိုးအတွက် တန်းတူညီမျှရှိရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးစတဲ့ အခြေခံမူ ၅ ချက်ကို နိုင်ငံတကာ ဆက်ဆံရေးရဲ့ စံတွေအဖြစ် ကျင့်သုံးသင့်တယ်လို့ သမ္မတဦးသိန်းစိန်ကလည်း စနေနေ့က အခမ်းအနားမှာ ခုလို ပြောကြားခဲ့ပါတယ်။

“ဒီအောင်မြင်မှုတွေကို အခြေခံကာ တရုတ်၊ အိန္ဒိယ၊ မြန်မာ ဆက်ဆံရေးအတွက်သာမက ကမ္ဘာ့နိုင်ငံအားလုံး ဆက်ဆံရေးအတွက်ပါ ပိုမိုတောက်ပတဲ့ အကျိုးစီးပွားကို ဖွင့်လှစ်ပေးနိုင်ဖို့ ကျနော်တို့အားလုံး ဒီမူကြီးတွေကို နိုင်ငံတကာဆက်ဆံရေးရဲ့အခြေခံစံနှုန်းများအဖြစ် ကျင့်သုံးသွားဖို့ ကမ္ဘာ့နိုင်ငံသားများကိုလည်း တိုက်တွန်းလိုပါတယ်။”

ကမ္ဘာ့နိုင်ငံတွေ တခုနဲ့ တခု ဖြန့်ကြက်ဆက်သွယ်နေကြတဲ့ ခေတ်ကြီးမှာ ငြိမ်းချမ်းစွာ အတူတွဲနေထိုင်သွားကြရေးဟာ အရေးကြီးတယ်လို့ အိန္ဒိယ ဒုသမ္မတ
Mohammad Hamid Ansari ကလည်း မိန့်ခွန်းပြောကြားသွားပါတယ်။

တရုတ်သမ္မတ Xi Jinping ၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ဒုတိယသမ္မတ Hamid Ansari တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နှစ် (၆၀) ပြည့်အခမ်းအနား တက်ရောက်ကြစဉ်။ (ဂျွန် ၂၈၊ ၂၀၁၄)
တရုတ်သမ္မတ Xi Jinping ၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ဒုတိယသမ္မတ Hamid Ansari တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နှစ် (၆၀) ပြည့်အခမ်းအနား တက်ရောက်ကြစဉ်။ (ဂျွန် ၂၈၊ ၂၀၁၄)

“နိုင်ငံတွေ တခုနဲ့တခုကြား အဖက်ဖက်က ဖြန့်ကြက် ယှက်နွယ် ဆက်သွယ်နေကြတဲ့ကမ္ဘာကြီးကို မဟတ္တမဂန္ဒီကြီး မျှော်မှန်းခဲ့တဲ့အတိုင်း တနိုင်ငံနဲ့ တနိုင်ငံ လွှမ်းမိုးမှုမရှိ အမြတ်ထုတ်မှုမရှိတဲ့၊ ရင်းနှီးပြီး အပြန်အလှန် အားထားကြတဲ့ အဖွဲ့ချုပ်ကြီးတခုဖြစ်အောင် အသွင်ပြောင်းသင့်တယ်လို့ အိန္ဒိယနိုင်ငံက ယုံကြည်ပါတယ်။”

အိန္ဒိယ ဒုသမ္မတ Ansari နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ဟာ ဂျွန်လ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ ရှိနေကြမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ
စနေနေ့ကပဲ ဘေဂျင်းမြို့စွန်မှာရှိတဲ့ ရှေးဟောင်း ကျောင်းတော်ကိုသွားရောက်ခဲ့ပါတယ်။ သက်တမ်း ၁,၂၀၀ ရှိတဲ့ Lingguang
ကျောင်းတော်မှာ ဗုဒ္ဓရဲ့စွယ်တော်တစ်ဆူကို ပူဇော်ထားပါတယ်။ အဲဒီဗုဒ္ဓစွယ်တော်ဟာ ၂၀၁၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက်
အပူဇော်ခံခဲ့ဖူးပါတယ်ရှင်။

XS
SM
MD
LG