[[Zawgyi/Unicode]]
သဘာဝဓါတ်ငွေ့ဈေးတွေ စံချိန်တင်တက်နေတာကြောင့် ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတချို့ လည်ပတ်နိုင်တဲ့သက်တမ်းကို စွမ်းအင်ဆိုင်ရာလုပ်ထုံးလုပ်နည်းကော်မရှင်က သက်တမ်းတိုးလိုက်ပါတယ်။ လေထုညစ်ငြမ်းစေတဲ့ ကျောက်မီးသွေးအစား သဘာဝကနေစွမ်းအင်ထုတ်ယူဖို့ တိုက်တွန်းမှုတွေရှိနေချိန်မှာ ထိုင်းနိုင်ငံက ခုလို ကျောက်မီးသွေးစက်ရုံတွေလည်ပတ်ခွင့် သက်တမ်းတိုးလိုက်တာပါ။
LNG ဓါတ်ငွေ့ဈေးတွေ မြင့်တက်နေတာကြောင့် LNG ဓါတ်ငွေ့တင်သွင်းမှု လျှော့ချနိုင်ရေး ထိုင်းနိုင်ငံအနေနဲ့ ကျောက်မီးသွေးကနေ ပြန်ပြည့်မြဲစွမ်းအင်အထိ တခြား လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်တဲ့နည်းလမ်းတွေကို ရှာကြံနေကြောင်း လက်ထောက်အတွင်းဝန် Prasit Siritiprussamee က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားက ဥရောပတိုက်ကို လောင်စာဆီတင်ပို့မှု လျှော့ချလိုက်တဲ့နောက်ဆက်တွဲအဖြစ် ဓါတ်ငွေ့ဈေးတွေ အခုနှစ်အတွင်း အဆမတန် မြင့်တက်နေတာပါ။ အာရှတိုက်က LNG ဓါတ်ငွေ့တွေကို စံချိန်တင်ပမာဏ ဝယ်ယူတင်သွင်းထားတာကြောင့် လောင်စာဆီ ပြတ်လပ်မယ့် စိုးရိမ်မှုအပေါ် အတိုင်းအတာတခုအထိလျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဈေးပိုပေးတဲ့ ဥရောပတိုက်ကို ဓါတ်ငွေ့တွေပိုပြီး တင်ပို့နေတာကြောင့် အာရှတိုက်မှာ သိသိသာသာ ဈေးတက်နေပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-19 ကာလအလွန် စီးပွားရေးလည်ပတ်မှုတွေ ပြန်အရှိန်ကောင်းလာနေပြီး လောင်စာဆီလိုအပ်မှုတွေ အရင်ကထက် ပိုများနေတာကြောင့် လောင်စာဆီဈေးတွေလည်း တက်နေတာပါ။ အရှေ့တောင်အာရှတိုက်အတွင်း ဒုတိယစီးပွားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ပြည်ပကတင်သွင်းတဲ့ လောင်စာဆီကို အဓိက မှီခိုအားထားနေရတာဖြစ်ပြီး လျှပ်စစ်၊ ရေနံစိမ်း၊ ကျောက်မီးသွေးနဲ့ သဘာဝဓါတ်ငွေ့တို့အတွက် မနှစ်က ၇၅% တင်သွင်းခဲ့ရတာပါ။
==============
[[Unicode]]