သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး


ဆီဆိုင်မြို့အနီးတိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများ (ဩဂုတ် ၂၀၂၄)
ဆီဆိုင်မြို့အနီးတိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများ (ဩဂုတ် ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PNLA ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို၊ လုံခြုံရေးစိုးရိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေတာပါ။ ဆီဆိုင်မြို့နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ဆီဆိုင်မြို့နယ်အရှေ့ခြမ်း တောင်ရှေ့ကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာနဲ့ လွယ်ထွဲကျေးရွာ အနီးတဝိုက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) နဲ့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ မနေ့ကစ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မနေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိုင်းယံက အခုလို ပြောပါတယ်။

"တိုက်ပွဲဖြစ်ပွားတာရှိပါတယ်။ ဆီဆိုင်မြို့ရဲအရှေ့ဘက် လွယ်ဆောင်ရွာ အနီးမှာပေါ့နော်။ တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ အလောင်း ၁၀ လောင်း၊ ဒရုန်းတစ်စင်းနဲ့ လက်နက် ၁၀ လက် သိမ်းဆည်ရမိတာ ရှိပါတယ်။"

တိုက်ပွဲဖြစ်ရာ နယ်မြေအနီးတဝိုက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒေသခံတချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

"ပအိုဝ်း ကျေးဇူးရွာတွေ ပအိုဝ်းနယ်မြေတွေ ကို စစ်ကောင်စီနဲ့ ဒီပြည်သူ့စစ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် မနေ့ညမှာဆိုရင်လည်း မီးရယ်ရွာပေါ့နော် အဲ့ဒီရွာမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်ဘေးရှောင်နဲ့ ပြည်သူ ၂ဦး ထိမှန်း သေဆုံးခဲ့တာ ရှိပါတယ်။"

တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အခြေအနေ အသေးစိတ်နဲ့ ထိခိုက်သေဆုံးမှုတွေကိုတော့ သီးခြားအတည်ပြုလို့ မရသေးသလို၊ စစ်ကောင်စီကလည်း လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"မနေ့ကတော့ ဒီလွယ်ထဲ လွယ်ဆောင်မှာ တိုက်ပွဲဖြစ်တယ်ပေါ့လေ၊ မနက်အစောကြီး ဖြစ်တယ်။ ဆိုတော့ အိပ်ယာထ မျက်နှာမသစ်ကြရသေးဘူး ဟိုမှာ တိုက်ပွဲထဖြစ်တော့ လူတွေက အကုန်လုံး ထပြေးကြရတယ်ပေါ့လေ။ မနေ့က တိုက်ပွဲဖြစ်တော့ စစ်ကောင်စီကအထိနာတယ်လို့ ကြားတယ်။ PNO လည်း အရှင်းဖမ်းမိခံရတာရှိတယ်။ အဲ့ဒါဖြစ်တော့ သူတို့ ဆီဆိုင်ကနေ တောက်လျှောက် လက်နက်ကြီးနဲ့လှမ်းထုတယ်။ ခုနကပဲ ဘယ်ရွာလည်း ဆိုတော့ မီးရယ်ရွာတယောက် ထီရီးရွာတယောက်ရယ် နောက်ပြီးတော့ ဘယ်ရွာလဲမသိဘူး ၃ယောက်တော့ ဒဏ်ရာရသွားတယ်လို့ ပြောတယ်။ လက်နက်ကြီးနဲ့လှမ်းထုတော့ အဲ့ဒါထိသွားတယ်။ အခုလည်း တိုက်ပွဲ ဖြစ်နေတုန်းပဲ အဲ့ရွာပြန်ဖြစ်တယ်။ မနေ့က ဖြစ်တော့ တပ်က ပြန်ဆုတ်တော့ ဒီနေ့ သူတို့ပြန်လာတယ် ပြီးတော့ အဲ့ဒီနေရာပဲ ပြန်ဖြစ်တယ်လို့ ပြောတယ်။"

တိုက်ပွဲကြောင့် ဆီဆိုင်မြို့နဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ထောင်ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက အရပ်သား သေဆုံးမှုတွေ နေရပ်စွန့်ခွာရမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG