သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျတောမီး ဌာနေမြန်မာများ အတွေ့အကြုံ


Smoke and rain mist mix in air as cattle graze below burnt grass fields near Milton, Australia, Jan. 5, 2020.
Smoke and rain mist mix in air as cattle graze below burnt grass fields near Milton, Australia, Jan. 5, 2020.
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode
သြစတြေးလျနိုင်ငံမှာ အဆိုးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံသမိုင်းမှာ လူအများဆုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ထုတ်ရတဲ့ အခြေအနေရောက်နေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်အကုန်မှာ မိုးအနည်းငယ်ရွာသွန်းခဲ့တဲ့အတွက် တောမီးလောင်ကျွမ်းမှုဟာ အနည်းငယ် သက်သာရာ ရခဲ့ပေမဲ့ အပူချိန်ဆက်ပြီးမြင့်မားနေဆဲဖြစ်ပြီး လေတိုက်နှုန်းပြင်းထန်တာကြောင့် တောမီးကူးလောင်မှု ရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံတဝန်း အဆိုးဆုံးတောမီးလောင်ကျွမ်းမှု ရင်ဆိုင်ရင်နေရချိန် သြစတြေးလျရောက် မြန်မာတွေရဲ့ အတွေ့အကြုံကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။
သြစတြေးလျမှာ တောမီးလောင်မှုအခြေအနေကို အဆိုးဆုံးရင်ဆိုင်နေရတဲ့နေရာတွေကတော့ နိုင်ငံအရှေ့တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတဝိုက်ဖြစ်ပါတယ်။ ဆစ်ဒနီမှာ နှစ်ပေါင်း ၃၀ ကျော်နေထိုင်နေတဲ့ မြန်မာဆရာဝန် ဒေါက်တာဇော်ဝင်းဦးကတော့ ဆစ်ဒနီမြို့ပေါ်ကို တောမီးလောင် ကူးဆက်နိုင်မယ့် အခြေအနေမရှိပေမယ့် တောမီးအရှိန်ကြောင့် ရင်ဆိုင်နေရတဲ့ အခြေအနေကို ဗွီအိုအေကို အခုလိုပြောပါတယ်။
“နီးတော့ နီးပေမယ့် ကျနော်တို့ကတော့ မီးလောင်တဲ့နေရာနဲ့ယှဉ်ရင်တော့ မီးခိုငွေ့တွေ ရှုနေရတာပေါ့။ မီးခိုတွေ တော်တော်များတယ်။ ပြာတွေ လွင့်လာတယ်။ Quality of air က မကောင်းဘူးပေါ့။ ဒါပေမယ့် ကျနော် သြစတြေးလျကို ရောက်တာ ၁၉၈၉ခုနှစ်ကပါ။ ရောက်ခါစက တောမီးလောင်တာ မမြင်ဘူးတော့။ ရောက်ခါစက ဘာလဲပေါ့လေ။ ၂၀၀၄ခုနှစ်မှာလည်း လောင်ဘူးပါတယ်။ ဒါပေမယ့် ဒီလောက်အတိုင်းအတာအထိတော့ မဟုတ်ဘူး။ ဒီတခါတော့ တော်တော့်ကို ဆိုးပါတယ်။ ဆစ်ဒနီမြို့ပေါ်မှာ မီးခိုငွေ့တွေနဲ့ ပိတ်နေတယ်။ လေထု မကောင်းဘူး။ အခုအခြေအနေက သာမန်လူတွေတောင် အသက်ရှူဖို့ ခက်ပါတယ်။”
မေး။ ။ အဲခု တောမီးလောင်မှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပြီလားဆရာ။
ဖြေ။ ။ သူတို့ကတော့ အဆင့်လိုက်ခွဲပြီးတော့ Emergency၊ Catastrophic တို့ဆိုပြီးခွဲနေတာ။ အခုလောလောဆယ် အပူလှိုင်းက နဲနဲရပ်သွားတော့ သူတို့အတွက် နဲနဲသက်သာမယ်ထင်တယ်။ အတော်လေးဆိုးတာကတော့ နယူးရီးယားမတိုင်ခင်ညက ဆိုးပြီးတော့၊ ပြီးခဲ့တဲ့ စနေနေ့ကလည်း အတော်လေးဆိုးတယ်။ အပူကလည်း ၄၇-၅၀ ဒီဂရီစင်တီဂရိတ် ထိတက်သွားတယ်။ အခုတော့ မိုးနဲနဲရွာတယ်။ ဒါပေမယ့် ပျက်စီးဆုံးရှုံးတာကတော့ အများကြီးပါပဲ။
တောင်ပိုင်း မဲလ်ဘုန်းမြို့မှာ နေထိုင်တဲ့ ၈၈မျိုးဆက်တဦးဖြစ်တဲ့ ကိုစောဝင်းမောင်က နောက်ဆုံးအခြေအနေတွေကို အခုလို ဗွီအိုအေကို ပြောပြပါတယ်။
“ကျနော်တို့ မဲလ်ဘုန်းတဝိုက်မှာတော့ မီးလောင်မှုဖြစ်တာ သိပ်မရှိဘူး။ ဒါပေမယ့် မြို့ရဲ့ ဆင်ခြေဖုန်းဘက် ဗစ်တိုးရီးယားမှာ အတော်လောင်တာကို တွေ့ရတယ်။ မြေဧကပေါင်း သန်းနဲ့ ချီ လောင်နေတယ်။ ဒါပေမယ့် ဒီနေ့မနက်မှာ မိုးအနည်းငယ်ရွာတဲ့အတွက် မီးသတ်သမားတွေရဲ့ မျက်နှာမှာ ပြုံးရွှင်လာတာတော့ တွေ့ရတယ်။”
မီးဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့နေရာမှာ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုတာထက် ပိုနေတဲ့အတွက် ပိုက်ဆံပဲ တိုက်ရိုက် လှူကြဖို့ အရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ်အမတ်က သတင်းမီဒီယာကတဆင့် တိုက်တွန်းနေကြောင်းလည်း ကိုစောဝင်းမောင်က ဆိုပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲကနေ ကောက်ခံရရှိခဲ့တဲ့ သြစီဒေါ်လာ ငါးထောင်ကျော်ကို မီးဘေးဒုက္ခသည်တွေအတွက် လှူဒါန်းခဲ့ကြောင်း ကိုစောဝင်းမောင်က ပြောပါတယ်။
“ နောက်ထပ် ဂုဏ်ယူစရာကောင်းတာကတော့ ကျနော်တို့ ၈၈ မျိုးဆက်ရဲဘော်တယောက်က သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးရေတပ်သင်္ဘောကြီးမှာ တာဝန်ထမ်းဆောင်နေတယ်။ အဲဒီသင်္ဘောကြီးက အခု မီးဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ရိက္ခာတွေ၊ အစားအသောက်တွေ၊ လိုအပ်တဲ့ အကူအညီတွေပေးနေတော့ မြန်မာအသိုင်းအဝိုင်းအနေနဲ့လည်း ဂုဏ်ယူပါတယ်။”
သြစတြေးလျနိုင်ငံမှာလောင်နေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၃ ယောက် ရှိသွားပြီး၊ တောမီးတွေကို ဆက်လက်ငြိမ်းသတ်နိုင်ဖို့အတွက် နောက်ထပ်အရန်တပ်ဖွဲ့ဝင် သုံးထောင်လောက်ကို ခေါ်ယူထားကြောင်း သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကပြောပါတယ်။ အခုလို သြစတြေးလျမှာ သဘာဝဘေးအန္တရာယ်ဆိုးကြီးရင်ဆိုင်နေရချိန် ကယ်ဆယ်ရေးလုပ်ငန်းတွေအပါအဝင် လူအသေအပျောက်နည်းအောင်၊ အပျက်အစီး နည်းနိုင်သမျှနည်းအောင် စီမံဆောင်ရွက်နေတဲ့နေရာမှာ အတူယူသင့်တဲ့ အချက်တွေနဲ့ပတ်သက်လို့ ဒေါက်တာ ဇော်ဝင်းဦးက အခုလိုပြောပါတယ်။
“ information ရဖို့အရေးကြီးတယ်။ ပြည်သူလူထုတွေသိအောင် ပြောထားရမယ်။ ကာကွယ်နိုင်ရင် ကာကွယ်ရမယ်။ ဖြစ်မှာလုပ်တာထက် အစီအစဉ်ကြိုလုပ်ထားရင် ပိုကောင်းပါတယ်။”
ဆစ်ဒနီတက္ကသိုလ် ဂေဟဗေဒပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ သြစတြေးလျနိုင်ငံမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်အကောင်အရေတွက် သန်းပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ခုနှစ်က အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုမှာ မြေဧကပေါင်း ၂ သန်းလောက်ပဲ ဆုံးရှုံးခဲ့ပြီး အခု သြစတြေးလျ တောမီးလောင်မှုမှာ မြေဧကပေါင်း ၁၂ သန်းကျော် လောင်ကျွမ်းဆုံးရှုံးပြီးဖြစ်တယ်လို့ အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။

-------------



XS
SM
MD
LG