သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်း လူ ၄,၀၀၀ ဆန္ဒပြ


ကြေးနီစီမံကိန်းအတွက် ဆုံးရှုံးခဲ့တဲ့လယ်၊ သိမ်းဆည်းခံမြေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အတွက် ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲ က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဖယ်ရှားခံရတဲ့ ရွာလေးရွာနဲ့ လယ်မြေဧက ၇,၀၀၀ ကျော် သိမ်းဆည်းခံခဲ့ရတာတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သဘာဝ ပတ်ဝန်း ကျင် ပျက်စီးဆုံရှုံးမှုတွေ ဖြစ်နေရတာကြောင့် မကျေနပ်မှုတွေ ဖြစ်ကြတဲ့ ဒေသခံ လူထုအင်အား ၄,၀၀၀ ခန့်ကနေ ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုတဲ့ အနေနဲ့ မုံရွာ-ပုသိမ် ကား လမ်းမကြီးပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြသူ အင်အား များလွန်းတာကြောင့် မုံရွာ-ပုသိမ် ကားလမ်းမကြီးကို ပိတ်ထားရတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အတွက် ဒေသခံတွေရဲ့ လယ်မြေတွေကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ် ကုမ္ပဏီဖြစ် တဲ့ မြန်မာ-ဝမ်ဘောင် ကုမ္ပဏီတို့က သိမ်းယူတာကြောင့် ဆန္ဒပြရာကနေ စီမံကိန်းကိုပါ ဖျက်သိမ်းဖို့ အတွက် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေကိုအကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသား အကျိုးဆောင်ကွန်ယက် က ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် ပြောပြတာက-

“ပုသိမ်-မုံရွာ လမ်းဆုံ လမ်းခွမှာပဲ လုံခြုံရေးတွေ ပိတ်ဆို့ထားတဲ့အချိန်မှာ လူအင်အား ၄,၀၀၀ က စည်းကမ်းတကျနဲ့ ဝိုင်းရံပြီးတော့ ခွပ်ဒေါင်းအလံတွေ လွှင့်ထူတယ်။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ သမဂ္ဂခေါင်းဆောင်တွေက ကျေးလက်ပြည်သူ ပြည်သားတွေကို တရားတွေ ဟောတယ်။ ဟောပြီးတော့ ဒီနေ့ ကိစ္စကတော့ အမျိုးသားရေး ကိစ္စတခုဖြစ်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ကိစ္စဖြစ်တဲ့အတွက် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန်းကနေ ရပ်ဖို့အတွက် လက်မှတ်ထိုး ဆန္ဒပြုလွှာတွေကို စတင်ပြီးတော့ ရေးထိုးပါတယ်။ အဲဒီနောက် ဦးပိုင် လို့ အမည်တပ်ထားတဲ့ အခေါင်းတစ်ခေါင်းရယ်၊ ရမ်ဘို-လို့ အမည်တပ်ထားတဲ့ အခေါင်းတစ်ခေါင်းရယ်၊ ပုဒ်မ ၁၄၄ လို့ အမည်တပ်ထားတဲ့ အခေါင်းတစ်ခေါင်းရယ် ---- ပြည်သူလူထုက ဓာတ်ဆီလောင်း မီးရှို့ပြီးတော့ ကြေးစည်တွေ ထုပြီးတော့ သင်္ဂြိုဟ်ခဲ့ပါတယ်။”

လူထုအင်အား များပြားတဲ့အတွက် အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွဲတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

“ပြည်သူလူထုအင်အား အရမ်းများပြီး ကျေးရွာအသီးသီးက ဝိုင်းအုံကြည့်နေတဲ့ ပြည်သူတွေ ရှိနေတဲ့အတွက် အပြင်ကနေပြီး လုံထိန်းတွေနဲ့ရံထားတာတို့၊ မီးသတ်ကားတွေနဲ့ ပိတ်ဆို့တာတို့ ဒီလောက်ပဲ ရှိပါတယ်။”

ဒီ စီမံကိန်းလုပ်ထားတဲ့နယ်မြေမှာ ဆန္ဒပြခွင့်ရဖို့အတွက် ဒေသခံတွေက ၈ ကြိမ်အထိ တောင်းခဲ့ပေ မဲ့ ခွင့်မပြုဘဲ ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်မှုတွေ ထပ်လုပ်တဲ့အတွက် အခုလိုမျိုး ခွင့်ပြုချက်တောင်း မနေတော့ဘဲ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ရတာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ လယ်သိမ်း ယာသိမ်းတာအပြင် အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာ၊ ဒေသခံတွေကို အကူအညီပေးနေသူတွေကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေကို ကျေနပ်မှု မရှိတာကြောင့် အခုလိုမျိုး ဆန္ဒပြရတာလို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

“မနေ့က လုံထိန်းတွေနဲ့ တောင်သူလယ်သမားတွေကို ခြိမ်းခြောက်တာတွေပေါ့ဗျာ။ -----”

မုံရွာ-ပုသိမ် ကားလမ်းမကြီးကို အာဏာပိုင်တွေက ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို တားဆီးလိုက်တဲ့ အတွက် ဒေသခံတွေဟာ မုံရွာ-ပုသိမ်ကားလမ်းမပေါ်မှာပဲ ဆန္ဒပြတာကိုလုပ်ခဲ့ပြီး ၄ နာရီကြာ ဆန္ဒပြပြီးတဲ့နောက်မှာတော့ ဆန္ဒပြမှုကို ရပ်ခဲ့ပြီး လယ်သမားတွေ မြေသိမ်းခံရမှုကို လွှတ်တော်ကို တင်ပြဆွေးနွေးဖို့ သဘောထား ကောက်ခံမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တင်ပြမှုက အကျိုးသက်ရောက်မှု ရှိပါ့မလားလို့ မေးတဲ့အခါမှာတော့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က အခုလိုပြောပါတယ်။

“ပြည်သူ့ဆန္ဒကို လေးစားတဲ့အစိုးရလို့ ယုံကြည်တဲ့အတွက် သူတို့ကတော့ အဆင့်ပေါင်းစုံကို ကြိုးစားသွားမှာပါ။ ရတယ် မရဘူးဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အပိုင်းလို့ပဲ တာဝန်ရှိသူတွေက သတ်မှတ်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်တန့်ဖို့အတွက် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ လုပ်ဆောင်သွားဖို့ အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗကသ မြန်မာနိုင်ငံ ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက် နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်၊ မိတ္ထီလာ အကျိုးဆောင် ကွန်ယက်တို့က ခွပ်ဒေါင်းအလံများ လွှင့်ထူပြီး တရားဟောတာတွေ၊ လူထု နစ်နာမှုတွေ ကို ဖော်ထုတ်တာတွေ လုပ်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင်၊ ကြေးနီစီမံကိန်းက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေတဲ့အကြောင်း လွန်ခဲ့တဲ့ ၁၈-နှစ် ကတည်းက လုပ်နေတဲ့ စပါယ်တောင် ကြေးနီစီမံကိန်းကြောင့် အဲဒီ ဒေသတွေ ကံကုန်းရွာ အပါအဝင်ရွာတွေမှာ ရေတွေ တနယ်လုံး ရေချိုမရတာ၊ ဘာသီးနှံမှ စိုက်မရတဲ့ မြေ ဧကပေါင်း ထောင်နဲ့ချီ ရှိတာတွေ ဖြစ်ခဲ့ကြောင်း။ လက်ပန်းတောင်း တောင် ကိစ္စကို တကမ္ဘာလုံး က မြန်မာတွေ လက်မှတ်ထိုး ကောက်ယူကန့်ကွက်ဖို့ လိုတဲ့အကြောင်း ကျောင်းသားတွေ က လည်း ပြောပါတယ်။ ဒီစီမံကိန်းကို မဟန့်တားနိုင်ဘူးဆိုရင် ချင်းတွင်းမြစ်ရေ အက်စစ်စီး ဝင်တာတွေ ကနေ ဧရာဝတီ မြစ်ထဲထိ ရောက်ရှိနိုင်တဲ့အတွက် စိုရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနိုင်ကြောင်းတွေကို လည်း ပြောသွားကြပါတယ်ရှင်။
XS
SM
MD
LG