သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင်ဆန္ဒပြခွင့် ဒေသခံတွေ တောင်းဆို


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြဖို့ စီတန်းလှည့်လည်ခွင့် ဒေသခံတွေ လျှောက်ထားခဲ့ပေမဲ့လည်း အခုထိ အာဏာပိုင်တွေဆီက အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေ ရဆဲ ဖြစ်ပါတယ်။ အခြေခံဥပဒေပါ အခွင့်အရေးအရဆိုရင် ပြည်သူတွေ ရဲ့ ဆန္ဒ လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်အောင်လို့ အခုလိုမျိုး ဆန္ဒပြခွင့်ကို လျှောက်ထား တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထား ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကစပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို ရုပ်သိမ်း လိုက်ပြီးတဲ့နောက်မှာတော့ ဒေသခံတွေဟာ အာဏာပိုင်တွေထံမှာ စီတန်းလှည့်လည်ခွင့်အတွက် ခွင့်ပြုမိန့်ရဖို့ တောင်းဆိုမှုတွေ စတင်လုပ်ခဲ့တာပါ။ ၁၈ ရက်နေ့ကတော့ တုံရွာက ဒေါ်ဌေးဦးနဲ့ ဒေါ်ခင်ဌေးနွယ် ဦးဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒပြခွင့်ကို တောင်းဆိုခဲ့သလို၊ ၁၉ ရက်နေ့မှာတော့ ဆည်တဲရွာက မဝင်းမာနဲ့ မခင်စန်းတို့ နှစ်ဦးကနေ ဆားလင်းကြီးမြို့နယ် ရဲမှူးရုံးကို ခွင်ပြုမိန့်များ တောင်းခဲ့တာပါ။ ဆည်တဲရွာက မဝင်းမာကတော့ သူတို့ တောင်းဆိုချက်တွေ ကို အခုလို ပြောပါတယ်။

“မီးလောင်းဗုံးတရားခံများကို အရေးယူ ဖော်ထုတ်ပေးရေးနဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံး၀ ဖျက်သိမ်းရေးနဲ့ ၁၄၄ ပုဒ်မ ထုတ်ပြန်မှုကို ဖျက်သိမ်းပေးရေး ကျမ ဒီနေ့ စီတန်းလှည့်လည်ခွင့် သွားလျှောက်တာပါရှင့်။”

ပြီးခဲ့တဲ့နှစ်ကစပြီး ဒေသခံတွေဟာ ဆန္ဒပြခွင့်အတွက် ခွင့်ပြုမိန့်ရဖို့ ၁၁ ကြိမ်ခန့် တောင်းဆို ခဲ့ပြီးတဲ့နောက် ဒေသအတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ခွင့်ပြုမိန့်များ ပယ်ချခံခဲ့ရတာလို့ ဆိုပါတယ်။ ဒေသခံတွေကို အကူအညီပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် တဲ့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က တော့ ဒေသခံတွေ သဘောထားကို အခုလို ပြောပြပါတယ်။

“၁၆ ရက်နေ့က ညနေ ၄ နာရီမှာ လိပ်ခွံတောင်သပိတ်စခန်း၊ အင်ကြင်းတောင် သပိတ် စခန်းနဲ့ တုံရွာသပိတ်စခန်းတွေကို ဒေသခံပြည်သူလူထုတွေက စည်းကမ်းရှိပြီး ယဉ်ကျေးတယ်ဆိုတာ ကို ဖော်ထုတ်တဲ့အနေနဲ့ တဖက်သတ် ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ကို ထပ်ထုတ်ထားတယ်။ လုံထိန်းရဲတွေ၊ ရဲကားတွေ ကလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်တယ်။ ပြည်သူလူထုတွေဘက် က သပိတ်စခန်းတွေကို ရုပ်သိမ်းပေးလိုက်ခြင်းဟာ သူတို့ရဲ့ တောင်းဆိုမှု ရည်ရွယ်ချက်
တွေ နောက်ဆုတ်ပေးလိုက်တာ မဟုတ်ဘူး။ စည်းကမ်းရှိမှုနဲ့ ညီညွတ်မှုကို ဖော်ထုတ်လိုက် တာဖြစ်တယ်။ တဘက်ကနေလည်း သူတို့ရဲ့ တောင်းဆိုချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက် ဖော်ထုတ်ဖို့အတွက် အခု တောင်းဆိုတဲ့ စာတင်တဲ့ဟာကို လုပ်ထားတာပါ။”

ဆန္ဒပြခွင့်နဲ့ပတ်သက်လို့တော့ ခွင့်ပြုမိန့်ကို ၅ ရက်ကြိုပြီး ခွင့်တောင်းရတဲ့အကြောင်းနဲ့ ၄၈ နာရီအကြာမှာတော့ အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ပေးမယ် မပေးဘူးဆိုတာ အကြောင်းပြန်လေ့ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ရှေ့နေကြီး ဦးအောင်သိန်း ကတော့ ဥပဒေပါ အခွင့်အရေးအတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“၅ ရက်ကြို လျှောက်ရမယ်။ အဲ့ဒီ ၅ ရက်ကြိုလျှောက်ရမယ့် ကိစ္စရပ်မှာ မြို့နယ် ရဲမှူးအနေနဲ့ လက်ခံရင် လက်ခံမယ်။ ပယ်ရင် ပယ်မယ်။ လက်ခံမယ်ဆိုရင်လည်း သူက အကြောင်းပြရ မယ်။ လက်မခံဘူးဆိုရင်လည်း သူက အကြောင်းပြရမယ်ပေါ့နော်။ နောက်ပြီးတော့ အင်အား ဘယ်လောက်ပြမယ်။ ဘယ်လို ကြွေးကြော်သံတွေ တိုင်မယ်။ ဘယ်လို ပိုစတာတွေ ကိုင်မယ် ဆိုတဲ့ဟာတွေပါ သူတို့က အကုန်လုံး အသေးစိတ် ဖော်ပြရတယ်။ အဲ့ဒီလို ဖော်ပြပြီးမှသာလျင် သူတို့က ဒီဟာကို ခွင့်ပြုမယ် ဆိုပြန်တော့လည်း သူတို့က စောစော ကလို စာမေးပွဲတွေရှိတယ်။ ရဟန်းသံဃာတော်တွေ စာမေးပွဲ ဖြေနေရ တယ်။ မဟုတ်လို့ရှိရင် လမ်းကြောင်းတွေက ပိတ်သွားနိုင်တယ်။ အဲ့ဒီလို အကြောင်းပြချက်
တွေ၊ အကြောင်းအမျိုးမျိုး ပြပြီးတော့ ငြင်းပယ်တဲ့ဟာ များတယ်ပေါ့နော်။"

"အဲ့ဒီလို တွေ့ရတယ်။ တချို့ဟာတွေမှာ ကြိုတင် လျှောက်ထားပေမဲ့ မရဘဲ ငြင်းပယ်တာ ဟာ သူတို့အတွက် ပြဿနာမရှိဘူး။ ခွင့်ပြုလို့ ပြဿနာတက်ရင် သူတို့ဝန်ထမ်းတွေ မှာ ပြဿနာရှိတယ်ဆိုတဲ့ အစွဲတွေကလည်း ဒီလူတွေမှာရှိတယ်။ ခွင့်ပြုချက်ကို တော်ရုံ တန်ရုံ ချပေးလေ့မရှိဘူး။ မကျေနပ်ရင် သူတို့က ပယ်လိုက်မယ်။ ခရိုင်ရဲမှူးဆီကို တင်မယ်။ ၇ ရက်အတွင်း တက်။ ခရိုင်ရဲမှူးကလည်း မြို့နယ်ရဲမှူးအတိုင်းပဲ ဆန္ဒပြဖို့ မသင့်လျော်ဘူး ဆိုတာကို လက်ခံလိုက်လို့ရှိရင် ဒါ ဂိတ်ဆုံးသွားပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး။ အဲ့ဒီသဘောမျိုးဖြစ်တယ်။ အဲ့တော့ အခြေခံဥပဒေက ပေးကာပေး၏။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ အင်မတန်မှ အရသာရှိတဲ့ စကားလုံးပဲ။ တကယ်တော့ အဲ့ဒါကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးမယ့် ရဲမှူးဆီမှာ မြို့နယ်ရဲမှူးဆီမှာ ခွင့်ပြုချက် တောင်းရတာဆိုတော့ ဘယ်လိုမှလဲ သဘာ၀ မကျဘူး။ အဲ့ဒါကိုလည်း ငြင်းပယ်ပိုင်ခွင့် ရှိနိုင်တယ်လို့ ဆိုထားတဲ့ အတွက်ကြောင့် သူတို့က လွယ်လွယ်ကူကူ ဘယ်တော့မှ ခွင့်မပြုဘူးဆိုတာ အန်ကယ်လ်တို့ အတွေ့အကြုံအရ သိရပါတယ်။”

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဆန္ဒပြချင်ရင် ခွင့်ပြုမိန့် တောင်းရမယ်ဆိုပြီး ဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆို သွားခဲ့တာပါ။ ဒေသခံတွေအနေနဲ့ ဆန္ဒပြခွင့် ခွင့်ပြုမိန့် လာရောက်တောင်းဆိုမှု အခြေ အနေနဲ့ ပတ်သက်လို့တော့ မေးမြန်းဖို့အတွက် ဆားလင်းကြီးမြို့နယ် အာဏာပိုင်တွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ တရုတ်ဝမ်ဘောင် ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇၈၀၀ ကျော် သိမ်းယူခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်မှာတော့ ကုမ္ပဏီ ၂ ခုက အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်မယ်ဆို တာကို ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့စပြီး နစ်နာကြေးတွေ စပြီးပေးနေကြောင်း ၃ ရက်အတွင်းမှာ ရွာ ၉ ရွာက ဒေသခံ
တွေက နစ်နာကြေးကို ကာလပေါက်ဈေးနဲ့ လျော်ကြေးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း လယ်သမားတွေအနေနဲ့ တဧကကို ၁၀ သိန်းကနေ ၁၅ သိန်းကြား ရရှိကြပေ မဲ့ မြေတွေကို ထာဝရ စွန့်လွှတ်ရေးအတွက် လက်မှတ်ထိုးပေးရတာကြောင့် တချို့ကလည်း နစ်နာကြေး ယူမယ့်ကိစ္စတွေအတွက် အဆုံးအဖြတ် မပေးနိုင်ကြသေးဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG