သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအစီရင်ခံစာ ဒေသခံတွေကန့်ကွက်


ဒေါ်အောင်ဆန်းစုကြည် ကြေးနီစီမံကိန်း အစီရင်ခံစာကိစ္စ ရှင်းလင်းနေစဉ် (၁၃ မတ် ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် ကြေးနီစီမံကိန်း အစီရင်ခံစာကိစ္စ ရှင်းလင်းနေစဉ် (၁၃ မတ် ၂၀၁၃)
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီး NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အစီရင်ခံစာနဲ့ပတ်သက်လို့ လိုက်လံ ရှင်းလင်းမှုတွေ လုပ်နေပေမဲ့ ကျေနပ်မှုမရှိတဲ့ ဒေသခံတွေ ကတော့ ဆန္ဒပြ ထုတ်ဖော်မှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြနေသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ဆုံကြပေမဲ့ နှစ်ဘက်လုံးက ဆွေးနွေးခြင်း၊ တားဆီးခြင်းတွေ မရှိကြဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထား ပါတယ်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းရပ်တန့်ရေးအတွက်
တောင်းဆိုနေကြ တဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အဖြေကို လက်မခံနိုင်တဲ့အကြောင်း မီးလောင်ဗုံးနဲ့ ပတ်သက်လို့ တာဝန်ရှိသူ တွေကို အရေးယူပေးဖို့ ဆန်ကျင့်ကန့်ကွက် မှုတွေကို လုပ်ခဲ့ကြတာပါ။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေ အလိုမရှိ အလိုမရှိ၊
ပုဒ်မ ၁၄၄ ဖျက်သိမ်းရေး တို့အရေး၊ တို့အရေး”





တချိန်တည်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ရှင်းလင်းဖို့အတွက် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းတောင် ဘက်ကို ရောက်နေ တာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လိုက်လံရှင်းပြနေတဲ့ ရွာတွေဟာ မကျေမနပ်ဖြစ်နေတဲ့ လက်ပံတောင်းတောင် ဒေသခံတွေ ရှိတဲ့နေရာမဟုတ်ဘဲ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် တောင်တွေ ပျောက် ကွယ်သွားပြီး အက်ဆစ်အနံ့တွေနဲ့ ကျန်းမာရေး ထိခိုက်နေတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီအတွက် ကျန်းမာရေး ဆေးပေးခန်းတွေ ထားပေးဖို့ပဲ ဒေသခံတွေက ပြော ဆိုနေတာပါ။

လက်ပံတောင်းတောင် ဒေသခံတွေရှိရာကိုတော့ ဒေါ်အောင်ဆန်းစုကြည် လာမယ် မလာဘူးဆိုတာ အခုထိတော့ ရေရေရာရာ မသိရသေးကြောင်းနဲ့ ဒေသခံတဦးကတော့ ဆန္ဒပြရခြင်း အကြောင်းရင်း ကို အခုလို ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေက ပြည်သူလူထုရဲ့ ဆန္ဒကို လုံး၀ မပါရှိတဲ့ အတွက် ကျမတို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အဖြေကို လက်မခံနိုင်လို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ကျမတို့ ပြည်သူလူထုတွေ၊ ဒေသခံတွေကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဘယ်လိုပဲ ဆက်လုပ်ဆက်လုပ် ကျမတို့ ဒေသခံတွေ၊ ပြည်သူတွေကတော့ စီမံကိန်း ရပ်ဆိုင်းရေးကိုပဲ လုံး၀ ဦးတည်လုပ်ဆောင်သွားမှာပါရှင့်။ ဒီနေ့ လူအင်အားကတော့ ၁ ထောင်ကျော် ၂ ထောင်နီးပါး
လောက် ရှိတယ်ရှင့်။ ကျမတို့ တောက်လျှောက် ဆန္ဒပြနေကြတာမှာ။ ကျမတို့ အခု တုံသပိတ် စခန်းကနေပြီးတော့ ဝမ်ဘောင်ရှေ့အထိကို လမ်းလျှောက် ဆန္ဒပြနေကြတာပါ။ ဒေါ်အောင်ဆန်း စုကြည် ကတော့ လာမယ်လို့တော့ ကျမတို့ဘက်တော့ မသိဘူးနော်။ လက်ပံတောင်းတောင် စီမံကိန်းကြီး ရပ်ဆိုင်းရေးကိုပဲ ဦးတည်ပြီးတော့ ပြောကြမှာပါရှင့်။ ”

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး လာနေတဲ့ ယာဉ်တန်းနဲ့ ဆန္ဒပြသူတွေ လမ်းခရီးမှာ ဆုံတွေကြပေမဲ့ ဆွေးနွေး ညှိနှိုင်းခြင်း၊ တားဆီးခြင်းတွေကို နှစ်ဘက်လုံးက မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြသူတွေကိုတော့ လုံခြုံရေး အာဏာပိုင်တွေက တားမြစ် ပိတ်ပင်ထားတဲ့ အကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မုံရွာပုသိမ်လမ်းခွဲရဲ့ အရှေ့နားလေးမှာ ဆုံပါတယ်ခင်ဗျ။ သူတို့ကလည်း သူတို့ ယာဉ်တန်းအတိုင်း သွားတယ်။ ကျနော်တို့လည်း သွားနေကြ လမ်းအတိုင်းပဲ သွားတာပါခင်ဗျ။ သူတို့ကလည်း သူတို့ ယာဉ်တန်းအတိုင်း ဖြတ်လာတာဆိုတော့ ဆင်းပြီး ဆွေးနွေးတာ မရှိဘူး။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်နေကြအတိုင်း ဆန္ဒပြတဲ့ လမ်းကြောင်းအတိုင်း သွားတာပါခင်ဗျ။ ကျနော်တို့ ထဲလည်း တားတာ ဆီးတာ မရှိပါဘူးခင်ဗျ။ ကျနော်တို့ လမ်းအတိုင်းပဲ ကျနော်တို့ သွားပါတယ်။ သူတို့လည်း သူတို့လမ်းအတိုင်းပဲ သူတို့ သွားပါတယ်။ အဲ့လိုကတော့ တားတာ ဆီးတာ မရှိပါဘူး။ ကျနော်တို့ မုံရွာပုသိမ်လမ်းမကြီးပေါ်ကို ရောက်သွားတဲ့အခါကျတော့ ရဲအင်အား ၃၀ ကျော်က သံဆူးကြိုးတွေနဲ့ ပိတ်ထားတာရှိတယ်။ လက်နက်တွေ ကိုင်ပြီးတော့ မီးသတ်ကားတွေ ခေါ်ထားပြီးတော့ ပိတ်ထားတာရှိတယ်။ သွားခွင့်ပေးပါလို့ ကျနော်တို့ တောင်းပါတယ်ခင်ဗျ။ သူတို့က သွားခွင့်မပေးနိုင်ဘူး။ ဒါက ၁၄၄ ထုတ်ထားတဲ့ နယ်မြေဆိုပြီး သွားခွင့်မပေးပါဘူးခင်ဗျ။ ကျနော်တို့က ဆန္ဒပြကြတာ ဝမ်ဘောင်နောက်ကျော ဖောင်းငါးရွာလမ်းကနေ မုံရွာပုသိမ်လမ်းမ ကြီးပေါ်ကို ပြန်ထွက်ခဲ့ရတာပါခင်ဗျ။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် မြန်မာ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်နဲ့ တရုတ်နိုင်ငံပိုင် မြန်မာဝမ်ဘောင်ကုမ္ပဏီတို့က ဒေသခံတွေရဲ့ လယ်မြေဧက ၇၈၀၀ ကို သိမ်းယူပြီး၊ လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိတယ်ဆိုပြီး ဒေသခံတွေကတော့ စီမံကိန်း ရပ်ဆိုင်းရေးကို တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်ကနေ့တော့ ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွဲမှုလုပ်အပြီးမှာ သပိတ်စခန်းက သံဃာအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာ ပါ ဖြစ်ပါတယ်။

ဒီနှိမ်နင်းမှုအတွင်းမှာ အာဏာပိုင်တွေဘက်က မီးစုန်းဓာတ်ပါတဲ့ မီးလောင်ဗုံးတွေ အသုံးပြုခဲ့ကြောင်း ဓာတ်ခွဲစမ်းသပ်ချက်တွေ လုပ်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ အမေရိကန် ရှေ့နေပေါင်းပြီး အစီရင်ခံစာတခုကို ကုလသမဂ္ဂရဲ့ လူအခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို ပြီးခဲ့တဲ့လက ပေးအပ်ခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့က ထွက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံမှာတော့ မီးခိုးဗုံးလို့ ပြောဆိုထားပြီး မီးစုန်းဓာတ်များ ပါဝင်တဲ့အတွက် အများအပြားသုံးရင် မီးလောင်နိုင်တယ်လို့ ရေးသားထားပါတယ်။

ဆန္ဒပြသူတွေဟာ မတ်လ ၁၃ ရက်နေ့မှာလည်း အစီရင်ခံစာကို လက်မခံနိုင်ကြောင်း ကန့်ကွက်တာအပြင် မီးလောင်ဗုံးများ အသုံးပြုခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်း ဆိုနေပါတယ်။

အခုလိုမျိုး ဒေသခံတွေဘက်က ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်နေတဲ့အချိန်မှာပဲ စီမံကိန်းကို လုပ်ဆောင်နေဆဲဖြစ်တဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလ်ီမိတက်ဘက်ကတော့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG