မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ နယ်ခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး တိမ်းရှောင်နေကြတာပါ။ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နိုဝင်ဘာလ ၁၇ ရက်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့ပြီး၊ တိုက်ပွဲပြင်းထန်လာနေတာ နှစ်ရက်ဆက်တိုက်ရှိနေပြ ီလို့ မတ္တရာဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။
"မတ္တရာမြို့ ဘောလုံးကွင်းထဲကနေ ပစ်တယ်ဗျ။ နေ့စဉ်နဲ့အမျှ ပစ်တယ်။ ၁၈ ရက်နေ့ ဒီနေ့မနက်လည်း ပစ်တယ်။ ၁၇ ရက်နေ့ကလည်း မနက်မိုးလင်းပြီဆိုတာနဲ့ ညမိုးချုပ်တဲ့အထိ ၁၂-၁ နာရီအထိကို ပစ်တယ်ဗျ။ ၁၇ ရက်နေ့က မတ္တရာမြို့နယ် ရွှေချောင်းရွာဘက်ကနေ ကား ၄စီးနဲ့ စစ်သားအင်အားခန့်မှန်း ၁၀၀ ဝန်းကျင်ပေါ့၊ ဆောက်ခြုံပေါက်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်ဗျ။ အဲဒီမှာ သူတို့ဘက်က အထိနာတယ်လို့ သိရတယ်ဗျ။ အဲဒီမှာ လေကြောင်းတိုက်ခိုက်မှု ၉ နာရီ ၂ မိနစ်မှာ လာလုပ်သွားတယ်။ အဲဒါပြီးတော့ သိပ်မကြာဘူး၊ ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းထပ်ပြီး လာပစ်သွားတယ်ဗျ။"
အဲဒီစစ်ကြောင်းက မတ္တရာမြို့နယ်၊ ပင်းယျရွာဘက်မှာ အထိုင်ချထားတဲ့ စစ်ကြောင်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့ စနေနေ့မှာ ဇရပ်ဖြူကျောင်းဘက်ကို ရောက်လာခဲ့တာပါ။ အဲဒီကနေ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာပြီး၊ မြွေသစ်တောရုံးရွာထဲကို ရောက်လာတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်နေလို့ မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာအားလုံးနီးပါး စစ်ဘေးရှောင်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မတ္တရာမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ရွာတွေမှန်သမျှ အကုန်လုံး သူတို့ကဖြန့်ပြီးတော့ စစ်ကြောင်းထိုးလိုက်တာ။ တိုက်ပွဲတွေ ပြင်းထန်လာတယ်ဗျ။ လေကြောင်းရော၊ လက်နက်ကြီးအစုံနဲ့ ပစ်တာဗျ။ ဒီနေ့က စကစဘက်က မနက် ၆ နာရီလောက်ကတည်းက တနေကုန်ပစ်တာ။ ခုနကလည်း ပစ်တုန်းပဲဗျ။"
မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်ကောင်စီနဲ့ ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ MDY-PDF ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။
"မတ္တရာမြို့နယ် အနောက်ခြမ်းမှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၂ ရက်ရှိပါပြီ။ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာလည်း ရှိပါတယ်။ အသေးစိတ် အခြေအနေတွေတော့ မသိရသေးပါဘူးဗျ။"
မတ္တရာအနောက်ခြမ်းမှာ စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး အဖွဲ့တွေပူးပေါင်းထားပြီး ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်ထားပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မတ္တရာမြို့နယ်ထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ မန္တလေးပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ GZP နဲ့ BRA LDF ၊ မန္တလေးခရိုင် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ၊ ချင်းမြသာစည်မြို့နယ် ပ.က.ဖ၊ အောင်မြေသာစံမြို့နယ် ပ.က.ဖ အပါအဝင် Taw Twin Toopi (LDF) တို့ ပူးပေါင်းခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကတော့ မကွေး စစ်ကိုင်း မန္တလေးစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသက တိုက်ပွဲတွေ အရပ်သားထိခိုက်သေဆုံးမှုတွေ စစ်ရှောင်ပြည်သူတွေနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိနေတဲ့နေရာတွေကို ပစ်မှတ်ထားချေမှုန်းနေတယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။
Forum