သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန် ၂၄ထပ်မြင့် အဆောက်အဦး မီးလောင်ကျွမ်းမှု သေဆုံးဒဏ်ရာရမှုများရှိ


ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော် အနောက်ပိုင်းက ၂၄ ထပ်မြင့် အဆောက်အအုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းနေပြီး မီးသတ်သမားတွေ ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။

သေဆုံးသူ ၆ ဦးကို အတည်ပြုနိုင်ပြီလို့ လန်ဒန် ရဲမှူး Stuart Cundy က ပြောပါတယ်။ ဒါပေမယ့် လာမယ့် ရက်တွေ အတွင်း ရှင်းလင်း ဆောင်ရွက်မှုတွေမှာ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း လန်ဒန် ရဲမှူးက ပြောပါတယ်။မီးခိုးမွှန်တဲ့သူတွေ အပါအဝင် ဒဏ်ရာရသူ ၅၀ တို့ကို ဆေးရုံပို့ထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

လန်ဒန် အနောက်ပိုင်း North Kensington က Grenfell Tower မှာ မီးလောင်တာဖြစ်ပြီး ဒီအဆောက်အအုံမှာ အိမ်ခန်းပေါင်း ၁၄၀ ရှိပြီး လူပေါင်း ၅၀၀ လောက် နေထိုင်နေကြတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ပျောက်ဆုံးနေသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်။ အဆောက်အအုံရဲ့ အထပ်တွေမှာ မီးစလောင်တဲ့ အချိန်မှာဘဲ အော်ဟစ် အကူအညီတောင်းသံတွေ ကြာခဲ့ကြရသလို၊ပိတ်မိနေသူ တွေကလည်း ကယ်ဆယ်ရေး အကူအညီ တောင်းတဲ့ အနေနဲ့ လက်ကိုင်ဖုန်းတွေက မီးတွေဖွင့်ပြီး ပြူတင်းပေါက်တွေကနေ အချက်ပြ နေကြတာကိုလည်း တွေ့ခဲ့ကြရတယ်လို့ အနီးအနားမှာ နေသူတွေက ပြောပါတယ်။

အဆောက်အအုံမှာ နေထိုင်သူ တချို့ကတော့ ကလေးငယ်တွေကို ချီထားကြတာကို ပြူတင်းပေါက်ကနေ တွေ့နေရသလို၊ အထပ်နိမ့်မှာ နေသူ တချို့ကတော့ အောက်ကို ခုန်ချကြတာလည်း တွေ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်ကနေ စပြီး မီးလောင်နေတာ ဖြစ်ပြီး အဆောက်အအုံကြီး အတွင်း မြန်မြန် ကူးစက်လောင်ကျွမ်းနေတာပါ။ ဘယ်ကနေ စပြီး မီးလောင်ခဲ့သလဲဆိုတာနဲ့ ဘာကြောင့် ဒီလောက် မြန်မြန် မီးက ကူးစက်လောင်ကျွမ်းနေရသလဲ ဆိုတာကိုတော့ ပြောဖို့ စောလွန်းသေးတယ်လို့ မီးလောင်မှုကို စုံစမ်းစစ်ဆေးနေသူတွေက ပြောပါတယ်။

မီးလောင်တဲ့ အဆောက်အအုံကနေ ကယ်ထုတ်လာရသူ တချို့ကတော့ မီးလောင်မှု အချက်ပေးသံ မကြားခဲ့ဘူးလို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ မီးစလောင်ချိန်မှာ ပလတ်စတစ် ညှော်နံ့တွေ ထွက်ခဲ့တယ်လို့လည်း ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG