သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ပါလီမန်အပြင်ဖက် ကားနဲ့တိုက်ခိုက်သူ ဖမ်းမိထား


ဗြိတိန်နိုင်ငံ လန်ဒန်မှာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အင်္ဂါနေ့က ကားနဲ့ဝင်တိုက်ခဲ့ပြီး နောက်ဆက်တွဲ လွှတ်တော် အဆောက်အအုံ အပြင်ဘက်က အတားအဆီးတွေကိုပါ ဝင်တိုက်ခဲ့တဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သူတို့ သိရှိထားပြီလို့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ သူဟာ အသက် ၂၉ နှစ်အရွယ် ဆူဒန်နွယ်ဖွါး ဗြိတိန်နိုင်ငံသားဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် အသေးစိတ် ကိုယ်ရေးအချက်အလက်တွေကိုတော့ ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။

အခုအခါမှာတော့ သူ့ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုတင်ကြံစည်ဆောင်ရွက်တယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးထားတာပါ။ လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီတိုက်ခိုက်မှု ဘာကြောင့် ကျူးလွန်တယ်ဆိုတာကိုတော့ အဓိကထား စုံစမ်းစစ်ဆေးနေကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။

ဒဏ်ရာရသူ ၂ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အခုအခါမှာတော့ သူတို့ဟာ ဆေးရုံက ပြန်ဆင်းလာပါပြီ။ အခု ဖမ်းဆီးခံထားရသူဟာ ဗြိတိသျှ တန်ပြန် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့နဲ့ တခြား ထောက်လှမ်းရေး အေဂျင်စီတွေအကြား မူလက သိရှိထားသူ မဟုတ်ကြောင်းလည်း လက်ထောက် ကော်မရှင်နာမင်းကြီး Neil Basu က ပြောပါတယ်။

ဗြိတိသျှဝန်ကြီး Theresa May က Westminster လွှတ်တော် အဆောက်အဦးအနီးမှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ထိခိုက် ဒဏ်ရာရသူတွေအတွက် ဆုတောင်းပေးပါကြောင်းနဲ့ အလျင်အမြန် ကယ်ဆယ်ဆောင်ရွက်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေကိုလည်း ချီးကျူးပါကြောင်း Twitter မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်သမ္မတ Donald Trump ကလည်း လန်ဒန်မှာ နောက်တကြိမ် အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှု ခံခဲ့ရကြောင်း Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေးလိုက်သလို၊ ဒီလို လူမဆန်တဲ့လူစားတွေကို ခပ်ကြမ်းကြမ်း နှိမ်နင်းဖို့ လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG