သုံးရလွယ်ကူစေသည့် Link များ

အစ္စလာမ်ဘာသာဝင် လန်ဒန်မြို့တော်ဝန်ဖြစ်လာ


မေလ ၇ရက်က လန်ဒန်မြို့တော်ဝန် ရွေးကောက်ပွဲ တွင် အနိုင်ရပြီးနောက် မြို့တော်ခမ်းမတွင် မိန့်ခွန်းပြော နေသော Sadiq Khan ကို တွေ့ရစဉ်။ ဓါတ်ပုံ - (REUTERS/Toby Melville )

အနောက်နိုင်ငံတွေထဲက မြို့တော်ကြီးတခုဖြစ်တဲ့ လန်ဒန်ရဲ့ မြို့တော်ဝန် အဖြစ် လေဘာပါတီက အစ္စလာမ် ဘာသာဝင် Sadiq Khan ပထမဆုံး အနိုင်ရသွားပါတယ်။

မြို့တော်ဝန် ရွေးကောက်ပွဲတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးမှ ပြိုင်ဘက် ကွန်ဆာဗေးတစ် ပါတီဘက်က Zac Goldsmith ကို အနိုင်ရလိုက် တာပါ။ သောကြာနေ့ ညက ကြေညာလိုက်တဲ့ ရွေးကောက်ပွဲရလဒ်အရ လန်ဒန် မြို့သူမြို့သားတွေဟာ အသက် ၄၃ နှစ်အရွယ် Goldsmith ကိုကျော်လွန်ပြီး အသက် ၄၅ နှစ်အရွယ် Khan ကို မဲအရေအတွက် ၅၇% ရွေးချယ်လိုက်ကြတာပါ။ လန်ဒန်ရဲ့ အုပ်ချုပ်ရေးကို ကွန်ဆာဗေးတစ်ပါတီက ၈ နစ်ကြာ ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး Khan မြို့တော်ဝန်သစ် ဖြစ်လာတာကြောင့် အဲဒီအခြေအနေ အဆုံးသတ် သွားခဲ့ပါပြီ။

အစိုးရထောက်ပံ့တဲ့ အိမ်ယာမှာ ကြီးပြင်းခဲ့ရတဲ့ သူ့လိုလူတယောက်အဖို့ လန်ဒန်လို မြို့တော်ကြီးရဲ့ မြို့တော်ဝန် ဖြစ်လာဖို့ဆိုတာအိပ်မက်တောင်မမက်ခဲ့ဖူးဘူးလို့ Khan က အောင်ပွဲရမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွား ပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို လန်ဒန်ကပေးတဲ့ အခွင့်အလမ်းတွေလိုမျိုး လန်ဒန် မြို့သူမြို့သား အားလုံးရစေချင်ပါတယ်၊ မသေရုံ ရုန်းကန်လှုပ်ရှားဖို့ တခုတည်းမဟုတ်ဘဲ အောင်မြင်စွာ ရှင်သန်ဖို့ဆိုတဲ့ အခွင့်အလမ်း တွေ ဖြစ်ပါတယ်လို့ မြို့တော်ဝန်သစ် Khan က ပြောပါတယ်။

ကမ္ဘာ တ၀န်းလုံးက မြို့တော်ဝန်တွေက Twitter လူမှုကွန်ယက် စာမျက်နှာကနေ Khan ကို ချီးကျူးဂုဏ်ပြုကြပါ တယ်။ Khan နဲ့အတူတွဲပြီး လုပ်ကိုင်ဖို့ စောင့်မျှော်နေပါတယ်လို့ New York မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

လူသားဆန်မှု၊ အောင်မြင်တိုးတက်မှုတွေရဲ့အကျိုးကို လန်ဒန်မြို့ကြီး ခံစား စံစားရတော့မယ် လို့ ပါရီမြို့တော်ဝန် Anne Hidalgo ကပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၄၅ သန်းမဲပေးခွင့်ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံတ၀န်း Super Thursday ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့ လေဘာပါတီအတွက် သူ့ပါတီဝင် Khan မြို့တော်ဝန်အဖြစ် ရွေးကောက်ခံလိုက်ရတာကြောင့် ပါတီ အတွက် မျှော်လင့်ချက်တွေ တိုးလာစေပါတယ်။

XS
SM
MD
LG