သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကူညီတဲ့ ဗြိတိန် စက်ဘီးသမား


မြန်မာ့အရေး စက်ဘီးဆီးပြီး ဆန္ဒဖော်ထုတ်တဲ့ အင်္ဂလန်နိုင်ငံသား John o' Groats
မြန်မာ့အရေး စက်ဘီးဆီးပြီး ဆန္ဒဖော်ထုတ်တဲ့ အင်္ဂလန်နိုင်ငံသား John o' Groats
မြန်မာ့အရေးအာရုံစိုက်ကူညီဖို့ ရည်ရွယ်ချက်နဲ့ ဗြိတိန်နိုင်ငံသား Josh ဟာ မိုင် ၁၀၀၀ ရှိတဲ့ ဗြိတိန်နိုင်ငံ တောင်ဘက်အစွန်းကနေ မြောက်ဘက်အစွန်း ခရီးစဉ်ကို တဦးတည်း စက်ဘီးနဲ့ စတင်စီးနင်းခဲ့တာ ဒီကနေ့ဆိုရင် ၁၀ ရက်ကြာမြင့်သွားပါပြီ။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးမှာ ဗြိတိန်က သာမန်စက်ဘီးသမားလူငယ်တဦးအနေနဲ့ ဘယ်လိုပါဝင်ကူညီပေးနေသလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

အသက် (၂၄) နှစ်အရွယ် စက်ဘီးသမား လူငယ် Josh က သူစတင်မယ့် မိုင် ၁၀၀၀ ခရီးစဉ်နဲ့ပတ်သက်လို့ ဗီဒီယိုကနေ ပြောပြရာမှာ- ဗြိတိန်နိုင်ငံ တောင်ဘက်စွန်း Land's End ကနေ မြောက်ဘက်အစွန်း John o' Groats ထိ စီးနင်းမယ့် ခရီးစဉ်ကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပြီး ၁၃ ရက်ကြာမြင့်မှာဖြစ်တယ်လို့ပြောသွားတာပါ။ ပြည်တွင်းမငြိမ်မသက်မှုဒဏ်နေရတဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးရေး မြှင့်တင်ဖို့ ကိစ္စဟာ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ မြှင့်တင်ပေးနိုင်ဖို့ သူ့အနေနဲ့ ရည်ရွယ်ထားကြောင်း Josh ကပြောသွားတာပါ။

ဗွီအိုအေက Josh ကိုဆက်သွယ်မေးမြန်းချိန်မှာ သူ့ဟာ ဗြိတိန်မြောက်ပိုင်း စကော့တလန် နယ်ထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ၁၀ ရက်ကြာဗြိတိန်နိုင်ငံက မြို့တွေဖြတ်သန်းစီနင်းခဲ့တဲ့ အခြေအနေကို မေးကြည့်တော့-

"ကျနော့်အနေနဲ့ ဒီလို စက်ဘီးစီးနိုင်ဖို့ အတွက် တနှစ်ပတ်လုံး လေ့ကျင့်ခဲ့တာပါ။ ဒီခရီးစဉ် မစတင်ခင်မှာ ဝေလနယ် တခုလုံးမှာ စက်ဘီးသွားစီးပြီးလေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိ ခရီးစဉ်တလျောက်လုံး ဘာအခက်အခဲမှ မရှိပါဘူး။"

ဗြိတိန်နိုင်ငံသားတဦးအနေနဲ့ မြန်မာ့အရေးမှာ ဘာကြောင့် ပါဝင်ဆောင်ရွက်လာတာလဲဆိုတော့ မေးခွန်းကိုတော့ Josh ကအခုလိုတုံ့ပြန်ပါတယ်။

"ကျနော့်မှာ မြန်မာသူငယ်ချင်းတချို့ ရှိပါတယ်။ နောက်ပြီးလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လန်ဒန်မှာ လုပ်တဲ့ တွေ့ဆုံပွဲတွေကနေတဆင့် ကျနော် ကြားသိခဲ့ရပါတယ်။ နောက်ပြီး ဒီခရီးစဉ်စတင်ဖို့ လှုံဆော်ပေးခဲ့တဲ့ အကြောင်းအရင်းတွေထဲ တခုကတော့ မြန်မာနိုင်ငံအတွက် ရံပုံငွေရှာဖွေတဲ့အနေနဲ့ လန်ဒန်မြို့မှာ ပြုလုပ်တဲ့ မာရသွန်စက်ဘီးစီးအစီအစဉ်ကို ကျနော်တွေ့မြင်ခဲ့ချိန်မှာ ဒီလိုပုံစံမျိုး ငါကိုယ်တိုင်လည်း လုပ်နိုင်တယ်ဆိုတဲ့ အတွေးရခဲ့တာပါ။ ဒါနဲ့ အခုလို မိုင်ပေါင်း ထောင်ချီတဲ့ စက်ဘီးစီး ခရီးစဉ်ကို အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပါတယ်။"

မိုင်ပေါင်း ထောင်ချီတဲ့ ခရီးစဉ်ကို စက်ဘီးတစီးနဲ့တယောက်တည်း ဖြတ်သန်းနိုင်ဖို့ သူ့ကို တွန်းအားပေးတဲ့ အရာတွေကို Josh ပြောပြတာကတော့-

"ကျနော့်ရဲ့ စက်ဘီးစီးခရီးစဉ်ဖြစ်မြောက်ဖို့အတွက် နောက်ကွယ်ကနေ ပံ့ပိုးပေးသူတွေ အများကြီးရှိပါတယ်။ ငွေကြေးလှူဒါန်းသူတွေတင်မဟုတ်ပါဘူး၊ အိမ်မှာကျန်ခဲ့တဲ့ ကျနော့်မိသားစု၊ ခရီးစဉ်တလျောက် ပံ့ပိုးပေးကြတဲ့ မြန်မာမိတ်ဆွေသူငယ်ချင်းတွေ၊ ဖေ့စ်ဘုတ်ပေါ်မှာ ကျနော်နဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ မှတ်ချက်ပေးတာတွေ စတဲ့ လူပေါင်းများစွာရဲ့ အားပေးထောက်ခံမှုတွေကြောင့် ကျနော်အနေနဲ့ ဒီခရီးစဉ် အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ကူညီပံ့ပိုးပေးမှုတွေအပြင် မြန်မာပြည်က စစ်ဘေးဒဏ်ကြောင့်ထွက်ပြေးနေရသူတွေအခြေအနေတွေဟာ ကျနော်နေ့စဉ် စက်ဘီးစီးပြီး ခရီးစဉ်အောင်မြင်ဖို့ တွန်းအားတွေဖြစ်စေပါတယ်။"

Josh ရဲ့ခရီးစဉ်ကနေရလာတဲ့ ရံပုံငွေဟာ အခုဆိုရင် ဗြိတိန်ပေါင်စတာလင် ၁၀၀၀၀ ထိရှိနေပြီး ဒီလှုဒါန်းငွေတွေကို ဗြိတိန်နိုင်ငံမှာရှိတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကတဆင့် မြေပြင်မှာလိုအပ်နေသူတွေဆီကို တိုက်ရိုက်ပေးပို့ကူညီသွားမှာဖြစ်တယ်လို့ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက ဗွီအိုအေကိုပြောပါတယ်။

သာမန်လူငယ်စက်ဘီးသမားတဦးကနေ မြန်မာ့အရေးမှာ ထိရောက်အောင် ပါဝင်ကူညီဆောင်ရွက်နိုင်တာကို သူ့ရဲ့ခရီးစဉ်ကနေ ပြသနိုင်မယ်လို့မျှော်လင့်မိကြောင်း Josh က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

"စက်ဘီးသမား ပုံမှန်လူငယ်တဦးကနေ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးရေးအတွက် လှုပ်ရှားပေးတယ်ဆိုတာကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီခရီးစဉ်ကြောင့် လူတွေအများကြီး ပါဝင်လှုဒါန်းကြသလို မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သူတို့အရေးတယူရှိကြတာကို ကျနော့်ရဲ့ ခရီးစဉ်က ပြသနိုင်ခဲ့ပါတယ်။"

XS
SM
MD
LG