၃ ညဆက်တိုက် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတဲ့နောက် လန်ဒန်မြို့ကြီးဟာ အင်္ဂါနေ့မှာတော့ ပထမဆုံးအကြိမ် အဖြစ် ငြိမ်သက်လို့ နေပါတယ်။ ဒါပေမဲ့ မြောက်ပိုင်း မန်ချက်စတာမြို့မှာတော့ အကြမ်းဖက်တာတွေ ဖြစ်ပေါ်လာပြန်ပါတယ်။
ဒေါသူပုန်ထနေကြတဲ့ လူငယ် ရာပေါင်းများစွာဟာ ပြတင်းတံခါးတွေကို ရိုက်ခွဲ၊ ဆိုင်တွေကို လု၊ ဗြိတိန်နိုင်ငံရဲ့ တတိယ အကြီးမားဆုံးမြို့မှာ အဆောက်အဦးတွေကို မီးတင်ရှို့နေကြတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဘာမင်ဂမ်မြို့မှာတော့ ဒုတိယနေ့အဖြစ် အကြမ်းဖက်တာတွေ ပိုများလာတယ်လို့ သတင်းတွေက ဆိုကြပါတယ်။
ဒါပေမဲ့ လန်ဒန်မှာတော့ ရဲတပ်သား ၁၆,၀၀၀ ကို လမ်းတွေပေါ်မှာ ချထားပါတယ်။ ဆိုင်တွေက စောစော ပိတ်ကြပြီး ညမရောက်မီမှာကို သွားလာကြတဲ့ သူတွေက လန်ဒန်မြို့ကနေ ပြန်လည် ထွက်ခွာသွားကြပါတယ်။ မြို့တော်ရဲ့ နေရာများစွာဟာ ငြိမ်သက်လို့ နေပါတယ်။
ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိအောင် ဆောင်ရွက်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က ပိုင်းဖြတ် ပြောဆိုလိုက်ပြီး အဓိကရုဏ်းဖြစ်အောင် အကြမ်းဖက်ကြသူတွေကို အပြစ်ပေး အရေးယူမယ်လို့လည်း ပြောလိုက်ပါတယ်။ အခုလို အကြမ်းဖက်မှုဟာ ရာဇ၀တ်မှုသက်သက် ရိုးရိုးစင်းစင်းသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ လန်ဒန်မြို့ရဲ့ နေရာတချို့ဟာ စစ်နယ်မြေနဲ့ တူနေပါတယ်။
အခုဖြစ်နေတဲ့ အဓိကရုဏ်းတွေမှာ လူတယောက် သေဆုံးခဲ့ပြီး အနည်းဆုံး ၅၈ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။ အများစုက ရဲတွေ ဖြစ်ကြပါတယ်။
စီးပွားရေး မကောင်းတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ပြီးခဲ့တဲ့ အပတ်အတွင်း ရဲက ပစ်ခတ်တဲ့အတွက် လူတယောက် သေဆုံးသွားခဲ့ရာက အခုလို အကြမ်းဖက်တာတွေ ဖြစ်ပေါ်လာခဲ့တာပါ။
သေဆုံးသွားခဲ့တဲ့သူဟာ အသက် ၂၉ နှစ်အရွယ် ကလေး ၄ ယောက်အဖေ ဖြစ်ပါတယ်။ သူ့ရဲ့ တက္ကစီကို ရဲက အတားမှာ သေဆုံးသွားသူက ရဲကို သေနတ်နဲ့ ပစ်တယ်လို့ တချို့သတင်းတွေက ဆိုကြပေမဲ့ အခင်းဖြစ်ပွားရာမှာ တွေ့ရှိတဲ့ သေနတ်ကတော့ ပစ်ခတ်ထားတာ မတွေ့ရပါဘူး။
ရဲက သူ့ကို ဘာကြောင့် သေနတ်နဲ့ ပစ်ခဲ့တယ် ဆိုတာကတော့ အခုထိ မရှင်းလင်းသေးပါဘူး။