သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့တော် မြေအောက်ရထားပေါ် ပေါက်ကွဲမှု လူ၁၈ဦး ဒဏ်ရာရ


လန်ဒန်မြို့တော် မြေအောက်ရထားပေါ် ပေါက်ကွဲမှု ဖြစ်ပွား။ (စက်တင်ဘာ ၁၅-၂၀၁၇)
လန်ဒန်မြို့တော် မြေအောက်ရထားပေါ် ပေါက်ကွဲမှု ဖြစ်ပွား။ (စက်တင်ဘာ ၁၅-၂၀၁၇)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က မြေအောက်ရထားပေါ်မှာ ဒီကနေ့အစောပိုင်း လူသွားလူလာများချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့်၊ မီးလောင်ဒဏ်ရာရသူ အများအပြားအပါအဝင် လူ ၁၈ ဦး ဒဏ်ရာရရှိသွားပါတယ်။ ရဲတပ်ဖွဲ့ကတော့ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။ ရထားမှာပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းတွေထွက်ပေါ်လာပြီး နောက်မှာပဲ Parsons Green မြေအောက်ဘူတာကို လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားခဲ့ကြတာပါ။

လက်လုပ်ဗုံးကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းလည်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဗြိတိန် ပြည်တွင်း ထောက်လှမ်းရေး အေဂျင်စီ MI-5 က အကူအညီ ပေးနေကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကတော့ အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြဖို့နဲ့ မမှန်သတင်းတွေ မပျံ့နှံ့ဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြို့တော်ဝန် Sadiq Khan ကလည်း လန်ဒန်မြို့တော်ကို အကြမ်းဖက်ဝါဒီတွေက ခြိမ်းခြောက်အနိုင်ယူနိုင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။

ကိုယ်တွေ့ ကြုံခဲ့ရသူတွေကတော့ ရထားခေါင်းမိုးအထိ မီးတောက်တွေ တွေ့ခဲ့ရပြီး၊ နောက်ပိုင်းမှာ ဓာတုပစ္စည်း မီးလောင်နံ့တွေ ရခဲ့တဲ့ အဖြစ်အပျက်ကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။ လူသွားလူလာများတဲ့အချိန် ပေါက်ကွဲမှု ဖြစ်ရာမှာ အလုအယက် တိုးဝှေ့ထွက်ပြေးကြတဲ့အတွက် ရထားပေါ်မှာ လိုက်ပါလာတဲ့ ကလေးတွေ အများအပြား တွန်းတိုက်လဲကျကုန်ကြတယ်လို့လည်း ဆိုပါတယ်။

ရထားထဲမှာ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေမှာတော့ ဈေးဝယ်အိတ် တလုံးထဲမှာ ထည့်ထားတဲ့ အဖြူရောင် ပလစ်စတစ်ပုံးတခုကို တွေ့ရပြီး၊ မီးတောက်တွေနဲ့ ဝိုင်ယာကြိုးလို့ ယူဆရတဲ့ ပစ္စည်းတွေကိုလည်း တွေ့ရပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ လန်ဒန်မြို့တော်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်ဝါဒီ တယောက်ရဲ့ တိုက်ခိုက်မှုအဖြစ် ဒီကနေ့ အစောပိုင်းမှာပဲ Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဒီတကြိမ်နဲ့ပါဆိုရင်တော့ လန်ဒန်မြို့တော်မှာ အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်ခံခဲ့ရတာ ၆ လအတွင်း ၅ ကြိမ်မြောက် အကြမ်းဖက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG