သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး အမြောက်အမြား ဒု ကြိမ် ဖမ်းမိ


ပထအအကြိမ်ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားမာျး။
ပထအအကြိမ်ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားမာျး။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စိတ်ကြွဆေးပြား ၁၅ သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ၇,၅၀၀ ဖိုးကို တနင်္လာနေ့က ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအကြိမ်အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပါတယ်။ ဒီဖမ်းဆီးရမိမှုဟာ လွန်ခဲ့တဲ့လက မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးရမိမှုနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့ သုံးသပ်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုလို စိတ်ကြွဆေးပြား သန်းနဲ့ချီပြီး ထပ်မံဖမ်းဆီးရမိတာကတော့ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဒီလ ၃ ရက်နေ့က ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး နေပြည်တော် မူးယစ်တားဆီးနှိပ်နင်းရေးတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းရာမှာ တာဝန်ကျအရာရှိက အခုလို ပြောပါတယ်။

“....၁၅ သိန်းခင်ဗျ။ စိတ်ကြွဆေးပြား ၁၅ သိန်း။ကာလတန်ဖိုးက ၁၅ သိန်းကို ၅ ထောင်နှုန်းနဲ့ မြှောက်လိုက် - ၇,၅၀၀ သန်း။”

ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး သတင်းအသေးစိတ်ကိုတော့ ပြောဆိုတာမရှိသလို မြောက်ဒဂုံရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းခေါ်ဆိုလို့ မရပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ရေးအဖွဲ့က ရဲမှုးကြီး ဝင်းဗိုလ်ကတော့ ဒီဖမ်းဆီးရမိမှုဟာ မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတာကြောင့် သတင်းမထုတ်ပြန်သေးတာဖြစ်ကြောင်း ပြောပါတယ်။

“အဲဒီကိစ္စတွေက အရင်အဖွဲ့နဲ့ ဆက်စပ်မှုရှိနေတယ်။ အဲဒီအတွက် ကျနော်တို့က လောလောဆယ် စိစစ်တုန်းဆိုတော့ လောလောဆယ် အဲဒါတွေ သိပ်ပြီး သတင်းမထုတ်ပြန်ချင်သေးဘူး။ ပိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့အခါကျမှပဲ ထုတ်ပြန်ပါ့မယ်ခင်ဗျ။”

ဒီနေ့ထုတ် Democracy Today သတင်းစာမှာတော့ စိတ်ကြွဆေးပြားတွေကို မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်က နေအိမ်တအိမ်က ဖမ်းဆီးရမိတာဖြစ်ပြီး မင်္ဂလာဒုံမှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုးရုံးက တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ရှင်းလင်းရင်းဖမ်းမိတာဖြစ်ကြောင်း၊ ဖမ်းဆီးရမိတဲ့နေအိမ်မှာ လူမတွေ့ရဘဲ ဒီအမှုအသေးစိတ်ကို ဆက်လက် စုံစမ်းနေကြောင်းနဲ့ မူးယစ်ပုဒ်မ ၁၉(က)အမှုဖွင့် စစ်ဆေးနေကြောင်းလည်း ဖော်ပြပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၅ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း၊ (၆) လမ်းသွားလမ်းမပေါ်မှာ ရပ်ထားတဲ့ ကွန်တိန်နာယာဉ်တစီးပေါ်ကနေ WY စာတမ်းပါ စိတ်ကြွဆေး ၂၆ သန်း၊ ကာလတန်ဖိုး ၁၃၃ ဘီလျံ ( အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဖမ်းဆီးရမိတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ မနက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးထုတ်လုပ်ပစ္စည် ကျပ်သိန်း ၅ သောင်းကျော်ဖိုးဖမ်းဆီးရမိခဲ့ပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာမှာလည်းမြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ဖေါ်ပြပါတယ်။

XS
SM
MD
LG