သုံးရလွယ်ကူစေသည့် Link များ

ဒေါ်လာငွေတန်ဘိုး ကျဆင်းမှု မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်


အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းဟာ ဒီလဆန်းကစလို့ အကြီးအကျယ် ကျဆင်းသွားပါတယ်။
အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းဟာ ဒီလဆန်းကစလို့ အကြီးအကျယ် ကျဆင်းသွားပါတယ်။

ဇွန်လ ၂၇၊ ၂၀၁၁-အမေရိကန်ဒေါ်လာဟာ မြန်မာငွေနဲ့ လဲလှယ်ရာမှာ စံချိန်ချိုးလောက်အောင် ကျဆင်းနေတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေ ထိခိုက်နေပါတယ်။

မြန်မာနိုင်ငံတွင်း အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းဟာ ဇွန်လဆန်းပိုင်းကစလို့ သိသိသာသာ ကျဆင်းသွားတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေမှာ ဆုံးရှုံးနစ်နာမှုတွေ ကြုံရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ နဂိုကမှာ ခိုင်ခိုင်မာမာ မရှိလှတဲ့ မြန်မာ့စီးပွားရေးမှာ ဒေါ်လာတန်ဘိုး မတည်ငြိမ်မှုကြောင့် အခက်အခဲတွေ နောက်ထပ်ကြုံရမှာကိုလည်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေ စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ဒေါ်လာငွေ တန်ဘိုး မကြုံဖူးလောက်အောင် ဘာ့ကြောင့် ကျဆင်းသွားရတယ်၊ ဒီအခြေအနေကို ဘယ်လို ရှောင်ရှားသွားရမယ် ဆိုတာတွေအပေါ် စီးပွားရေး အသိုင်းအဝန်းက ကျွမ်းကျင်သူတွေ ဘယ်လို သုံးသပ်နေကြသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဟာ မြန်မာကျပ်ငွေနဲ့လဲလှယ်ရာမှာ စံချိန်ချိုးလောက်အောင် ကျဆင်းသွားတာမို့ ပြည်ပနဲ့ ဆက်နွယ် လုပ်ကိုင်နေတဲ့ ကုန်သွယ်မှုတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ အမေရိကန် ၁ ဒေါ်လာ နဲ့ လဲလှယ်နှုန်းဟာ ဈေးကွက်ထဲမှာ မူလက ကျပ်ငွေ ၉၀၀ ဝန်းကျင်မှာ ရှိနေရာက၊ ဇွန်လဆန်းကစလို့ ကျပ် ၇၅၀ လောက်အထိ စတင် ကျဆင်းသွားခဲ့သလို၊ နောက်ပိုင်း အနည်းငယ် ပြန်တက်လာပေမဲ့ ကျပ် ၈၀၀ အောက်မှာသာ ဆက်ရှိနေခဲ့တာပါ။ ဒီလို အခြေအနေမှာ ပြည်ပကို ကုန်တင်ပို့နေသူတွေ၊ ကုန်ရောင်းဝယ်ရာမှာ ဈေးဖြတ်သတ်မှတ်ရေး အခက်အခဲတွေနဲ့ စကြုံလာရသလို၊ နောက်ဆက်တွဲ အနေနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာပါ ရိုက်ခတ်မှုတွေလည်း ရှိလာပါတယ်။

အထူးသဖြင့်ကတော့ ဒေါ်လာငွေ တန်ဘိုးကျဆင်းတယ် ဆိုတာထက် တည်တည်ငြိမ်ငြိမ် မရှိတာကစီးပွားရေး လုပ်ငန်းတွေအတွက် ပိုပြီး အခက်ကြုံစေတယ်လို့ စီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“အဓိက သက်ရောက်မှုကတော့ ဒေါ်လာဈေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် ကုန်ဈေးနှုန်းကို တွက်ပြီးတော့ ဝယ်သူဖြစ်တဲ့ နိုင်ငံခြားကို ပြောရတဲ့အခါမှာ အခက်အခဲ ဖြစ်တာပေါ့ဗျာ။ ဒေါ်လာဈေးက ၇၅၀ ပဲနေမလား၊ ၈၀၀ လောက်ပဲ နေမလားပေါ့။ ၈၀၀ လောက်နဲ့ တွက်ပြီး ရောင်းပြီးတော့ တကယ်တမ်း ကိုယ့်လက်ထဲ ငွေရောက်တဲ့ အခါကျတော့ ၁ ဒေါ်လာကို ၇၅၀ ကျပ်ဆိုရင်၊ ဒါဟာ ကျနော်တို့ ပို့ကုန်သမားတွေ အရင်းမရတဲ့အပြင် ရှုံးတောင် အရှုံးပေါ်တဲ့ အနေအထားမျိုးပေါ့ဗျာ။ ဒေါ်လာဈေး ကျတာထက် ဒေါ်လာဈေးက သတ်မှတ်ဈေးနှုန်း တခုမှာ ရှိနေဖို့က ပို့ကုန်ရော၊ သွင်းကုန်ရော လုပ်ငန်းရှင်တွေ အတွက်က ဒါက အရေးကြီးတဲ့ အစိတ်အပိုင်း တခုလို့ပဲ ပြောရမှာပေါ့ဗျာ။ အိတ်စ်ပို့ ဒီဘက် ပြည်ပမှာဆိုရင် ပစ္စည်းတင်မယ့်လူမရှိလို့ နိုင်ငံခြားကိုထွက်တဲ့ သင်္ဘောတွေတောင်မှ ကုန်ကိုစောင့်ပြီး တင်ရတာပေါ့ဗျာ။ ကုန်ကမရတော့ စောင့်ပြီးမှ စုတင်ရတဲ့ သဘောဖြစ်နေတာပေါ့။”

မကြာသေးခင် လတွေကစလို့ ဒေါ်လာငွေတန်ဘိုးဟာ ကမ္ဘာ့ဈေးကွက်ထဲ ကျဆင်းခဲ့တာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ မကြံစဖူး ဈေးတွေ ကျဆင်းခဲ့တာကတော့ တခြား အကြောင်းရင်းတွေ ရှိနေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ အထူးစီးပွားရေး ဇုန်နယ်မြေတွေ ထူထောင်ရာမှာ မြေတွေ၊ ပိုင်ဆိုင်မှုတွေကို မူလတန်ဘိုးထက် အဆမတန်ပေးပြီး ဝယ်ယူတာတွေ၊ အိမ်နီးချင်း တိုင်းပြည်တွေက စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာတာတွေ စတာတွေကအစ အစိုးရက ကမကထလုပ် စီစဉ်တဲ့ ကျောက်မျက်ရတနာ ရောင်းချမှုတွေလို နေရာတွေကနေ ဒေါ်လာတွေ စုပြုံပြီး ဈေးကွက်ထဲ ဝင်လာတာတွေဟာလည်း တန်ဘိုး မတည်ငြိမ်မှုတွေ ဖြစ်စေတယ်လို့ ပြောကြပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း ကျောက်စိမ်း အပါအဝင် ကျောက်မျက်ရတနာ ရောင်းချမှုတွေကတင် ဒေါ်လာသန်း ၃,၀၀၀ ကျော် ဝင်ငွေရထားတာပါ။

ဒီလို ဒေါ်လာတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပေမဲ့ ဒါတွေကို လည်ပတ်သုံးစွဲရာမှာတော့ အကန့်အသတ်တွေ ရှိနေတဲ့အတွက် ဈေးကွက်ထဲမှာ ပြဿနာတွေ ကြုံလာရတာလို့ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင်က ပြောပါတယ်။
“ဒေါ်လာဈေးနှုန်းတွေ ၈၀၀ ကျပ် ဝန်းကျင်လောက် ဖြစ်နေတော့ အခြေခံအားဖြင့် ကျနော်တို့ နိုင်ငံခြားကို တင်ပို့ရင် မကိုက်ဘူးပေါ့ဗျာ။ မကိုက်တော့လည်း ဈေးနှုန်းတွေကို ချဝယ်ပေါ့။ နိုင်ငံခြားကို တင်ပို့တဲ့ငွေကသာလျှင် နိုင်ငံခြားကနေ ပစ္စည်းကို မှာယူတင်သွင်းခွင့် ရှိတာကိုး။ တကယ်တမ်း အရေးကြီးတဲ့ အခန်းကဏ္ဍပေါ့ဗျာ၊ စားအုန်းဆီ တင်သွင်းမှုတို့၊ တခြားမော်တော်ကားနဲ့ တခြားပစ္စည်းတွေပေါ့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ပြုမယ်ဆိုရင် ဒီငွေဈေးနှုန်းက ဆက်လက် ကျဆင်းစရာ မရှိပဲနဲ့ သူ့ဟာသူ ပုံမှန်လည်ပတ် နေမှာပါ။ အခုကတော့ တင်ပို့မှု တခါတရံများတယ်ပေါ့ဗျာ၊ အခုပြည်တွင်းမှာ ဖြစ်နေတဲ့ ကျောက်မျက်ပွဲလိုမျိုး ရောင်းလိုက်တဲ့ ယူရိုငွေတွေ၊ ဒေါ်လာတွေက ပြည်တွင်းမှာ အရမ်းများတဲ့ အခါကျတော့ ဈေးကွက်မှာ ထိုးကျတော့ သွင်းကုန် လုပ်တဲ့လူတွေ အနေနဲ့ကျတော့ လုပ်ရကိုင်ရတာက ဘယ်လိုမှ ထွက်ပေါက်မရှိတဲ့ အနေအထားမျိုး ဖြစ်နေတယ်။”

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ တရားဝင် လဲလှယ်နှုန်းဟာ ၆ ကျပ် ဝန်းကျင်သာ သတ်မှတ်ထားပေမဲ့ မှောင်ခိုဈေးကွက်ထဲ လက်တွေ့ ရောင်းဝယ်ရာမှာတော့ ကုန်ပစ္စည်းတန်ဘိုးတွေအပေါ် အဓိကအားဖြင့် အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီသတ်မှတ်ချက်ကို အစိုးရသစ် လက်ထက်မှာ ပြောင်းကောင်းပြောင်းမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကလည်း တန်ဘိုး မတည်ငြိမ်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်း တခုအဖြစ် မြင်သူတွေလည်း ရှိနေတာပါ။

တကယ်တော့ ဒီလို အခြေအနေမျိုးတွေ ကြုံလာတယ်ဆိုရင် တိုင်းပြည်ရဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေမှာ တာဝန်ရှိသူတွေအနေနဲ့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်တဲ့ အစီအမံတွေနဲ့ ဟန့်တားဖို့ သင့်တယ်လို့လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က မြင်ပါတယ်။
“ဒီဈေးနှုန်း ပြောင်းလဲတာကတော့ အခိုက်အတန့်အားဖြင့် ဘယ်မှာပဲဖြစ်ဖြစ် ဖြစ်နေမှာပဲ။ ဖြစ်နေတဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၊ အထူးသဖြင့် ဥပမာအားဖြင့် ဗဟိုဘဏ်တို့ ဘာတို့ကနေပြီးတော့ ဝင်ရောက်ပြီးတော့ လှည့်ပတ်နေတဲ့ ငွေကြေး သိပ်များတယ်ဆိုရင်၊ ပြန်ပြီးတော့ သိမ်းယူတာမျိုး၊ ကြားက အာဏာပိုင် အဖွဲ့အစည်းကနေ ညှိနှိုင်းပေးတာမျိုး ရှိတယ်ဆိုရင်တော့ အပြောင်းအလဲမှာ သက်သာမယ်။ လှည့်ပတ်နေတဲ့ ငွေကြေးက များနေတယ်ဆိုရင် ဒီငွေကြေးကို သုံးဖို့အတွက် အာမခံစာချုပ်တွေ ဝယ်မယ်၊ ရွှေတွေ ဝယ်မယ် ဆိုရင် နောက်ပြီးတော့လည်းပဲ အတိုးနှုန်းနဲ့တဆင့် ပြန်ပြီး လုပ်နိုင်တာပေါ့လေ။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလို လုပ်တာမျိုးက နည်းလို့သာ ဒီလိုဖြစ်တာနေမှာပေါ့။”

ဒီနှစ်ဆန်းပိုင်းကစလို့ အစိုးရအုပ်ချုပ်မှုမှာ အပြောင်းအလဲတွေ ရှိလာခဲ့တဲ့နောက် စီးပွားရေး အစီအမံတွေမှာလည်း တိုးတက်မှုတွေ ထွက်ပေါ်လာလေမလား မျှော်လင့်ချက်တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ အရင်စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းတွေမှာ သြဇာကြီးမားလှတဲ့ ကုန်သွယ်ရေးကောင်စီကို ဖျက်သိမ်းခဲ့တာ၊ သမ္မတအတွက် စီးပွားရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာလို အပြောင်းအလဲတချို့ ရှိခဲ့တဲ့အတွက် စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ချုပ်ကိုင်မှုတွေ လျော့ပါးလာလေမလား ယူဆခဲ့ကြတာပါ။

ဒါပေမဲ့လည်း အခုအချိန် အထိကတော့ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ မရှိသေးဘူးလို့ ရန်ကုန်မြို့က ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။
“တကယ်တမ်းကျတော့ ကုန်သွယ်ရေး မူဝါဒတွေက ဒီဘက် အစိုးရသစ်ပြောင်းပေမဲ့ ထင်သာမြင်သာအောင် ပြောင်းလဲမှု မရှိသေးတဲ့ အခါကျတော့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့် မရတဲ့ အနေအထားမျိုး ဖြစ်တာပေါ့။ ကုန်သွယ်မှု မူဝါဒတွေကို လွတ်လွတ်လပ်လပ် ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ငွေဈေးနှုန်းက နည်းနည်းပါးပါး ပြန်ပြီးတော့ တက်နိုင်မယ်လို့ မှန်းလို့ရတာပေါ့။”

ထင်ရှားတဲ့ စီးပွားရေးစာစောင်ဖြစ်တဲ့ the Economist ရဲ့ စီးပွားရေး အကဲဖြတ်အဖွဲ့ဖြစ်တဲ့ EIU ကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေသာ ကြီးစိုးနေတာမို့ စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ အရည်အသွေးအားဖြင့် ချက်ခြင်းလက်ငင်း တိုးတက်လာမယ့် အလားအလာတွေ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုပဲ ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ တိုင်းပြည်စီးပွားရေးကို ပဲ့ကိုင်နိုင်စွမ်း မရှိဘူးလို့ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာနေပေမဲ့ ပြည်တွင်းစီးပွားရေးဟာ ဆက်လက်ချိနဲ့နေဦးမှာဖြစ်တယ်လို့ EIU က ခန့်မှန်းထားသလို ဒီနှစ်ထဲ ကုန်ဈေးနှုန်းတွေဟာလည်း ၁၆% ကျော်လောက်အထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG