သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆေးရုံအနီး ပုဂ္ဂလိက ဆေးရုံ ဆောက်ဖို့ အစီအစဉ် ရပ်ဆိုင်း


မေလ ၁၂ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်။
မေလ ၁၂ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်။

ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာန ပိုင်မြေကို ပွင့်လင်းမြင်သာမှု မရှိဘဲ ပုဂ္ဂလိက ဆေးရုံတည်ဆောက်ဖို့ ဌားရမ်းပေးတာကို ရပ်ဆိုင်းပေးဖို့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က သဘောတူခဲ့ပါတယ်။ ဒီအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးအပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အခုလို ပုဂ္ဂလိက ဆေးရုံတည်ဆောက်တာကို ရပ်ဆိုင်းပေးဖို့ ထောက်ခံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဧပြီလ ၄ ရက်နေ့က ဧရာဝတီတိုင်း ရေကြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်း တင်သွင်းခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး အနီးမှာ ရှိတဲ့ ကျန်းမာရေး ဝန်ကြီးဌာန ပိုင်မြေကို ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ဖို့ ဌားရမ်းပေးတဲ့ ကိစ္စဟာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ရပ်ဆိုင်းပေးဖို့ အဆိုကို ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အဆုံးအဖြတ် ရယူပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အခုလို ပုဂ္ဂလိက ဆေးရုံ တည်ဆောက်တာကို ရပ်ဆိုင်းပေးဖို့ ကြေညာ ခဲ့ပါတယ်။

" ဒီအဆိုနဲ့စပ်လျဉ်းပြီး အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျာ။

(တူပါတယ်)

သဘောတူပါလားခင်ဗျာ။

(တူပါတယ်)

သဘောတူပါလားခင်ဗျာ။

(တူပါတယ်)

သဘောမတူတဲ့သူ ရှိပါလားခင်ဗျာ။

(ငြိမ်သက်)

သဘောမတူသူ မရှိတဲ့အတွက် ဒေါက်တာစံရွှေဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။

(လက်ခုပ်တီးသံများ)

ဒီအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးအပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့က ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ဒီအဆိုနဲ့ ပတ်သတ်ပြီး လွှတ်တော်တွင်း လာရောက် ရှင်းလင်းခဲ့သလို ထောက်ခံ တင်ပြခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် အများစုကတော့ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေကို အခုလို ဌားရမ်းပြီး ပုဂ္ဂလိကပိုင်ဆေးရုံ တည်ဆောက်နေတာကို ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ထောက်ပြခဲ့ကြတာပါ။

တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုးစိုးမြင့်ကတော့ ပြည်သူတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုဟာ မရှိမဖြစ် လိုအပ်တာကြောင့် အခုလိုမျိုး ပုဂ္ဂလိက ဆေးရုံ တည်ဆောက်နေတာဟာ ပွင့်လင်းမြင်သာမှုရှိပါက လက်ခံ စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၇ အရ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိပြီး တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု ရှိပါက စဉ်းစားသင့်ပါကြောင်း အကြံပြုဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။"

ရန်ကုန်ဆေးရုံကြီးအနီးမှာရှိတဲ့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ -ပုဂ္ဂလိက ဆေးရုံတည်ဆောက်ဖို့ ဌားရမ်းပေးတာကို ရပ်ဆိုင်းပေးဖို့ အဆိုကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ထောက်ခံခဲ့ပါတယ်။

" ၂၀၁၅ စက်တင်ဘာ ၂၄ရက်နေ့တွင် Construction နှင့် ကုမ္ပဏီလီမိတက်တို့ မှ ပူးပေါင်း ဖက်စပ် လုပ်ငန်းအနေဖြင့် နိုင်ငံတကာ ဆေးရုံတရုံကို ကုတင် ၂၅၀ ဆန့် ဆေးရုံအဖြစ် အဆင့်လိုက် ဆောက်သွားရန်၊ ပထမအဆင့်တွင် ကုတင် ၁၀၀၊ ဆေးရုံအဖြစ် စတင်လည်ပတ်ပြီး နောက်အဆင့်တွင် တပြိုင်တည်း ဆက်လက်ဆောက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကို ကမ်းလှမ်း လာပါသည်။ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၆/ ၂၀၁၅ မှာ ဝန်ကြီးဌာနပိုင် မြေအား ဌားရမ်းသုံးစွဲခွင့်ပြုရန် ကျန်းမာရေးဝန်ကြီးဌာန၏ အမှာစာကို သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ကိစ္စရပ်များအားလုံးကို နှစ်လခွဲ အချိန်ကာလအတွင်း အပြီးအပိုင် ဆောင်ရွက်ခဲ့ တာကို တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ ကနဦးဌားရမ်း ကာလ နှစ်ငါးဆယ်မှ စပြီး နောက်ထပ် ဆယ်နှစ် ပထမတိုးမြှင့်ကာလ၊ နောက်ထပ် ဆယ်နှစ် ဒုတိယတိုးမြှင့်ကာလ၊ မြေဌားရမ်းသုံးစွဲမှုအား မှတ်တမ်းတင်ပါသည်။ ကုမ္ပဏီနှင့်ချုပ်ဆိုထားသော မူရင်းစာအုပ်သည် ကျန်းမာရေးဝန်ကြီးဌာနတွင် ရှိပါသည်ခင်ဗျား။ ချုပ်ဆိုသည့်ကုမ္ပဏီမှာ Andaman Alliance Head Limited နဲ့ ချုပ်ဆိုထားပါသည်။ "

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ပြည်ထဲရေး ဝန်ကြီး အမိန့်ကြေညာစာ နဲ့ မြန်မာ ဂျပန် ချစ်ကြည်ရေး ဆေးရုံ တည်ဆောက်ဖို့ ဒီပုဂ္ဂလိက ဆေးရုံ တည်ဆောက်ရာ မြေအပါအဝင် ၁၀.၄၄၆ ဧကကို ကျန်းမာရေး ဝန်ကြီးဌာနကို အခမဲ့ လွဲှပြောင်းပေးခဲ့ပါတယ်။

အဲဒီ့ထဲမှာမှ ၄.၃ ဧကကို ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ဖို့ မြေနေရာ ဌားရမ်းကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြည်ပ အခြေစိုက် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီ IHH ရဲ့ ကုမ္ပဏီခွဲ နှစ်ခုနဲ့ ပြည်တွင်း ကုမ္ပဏီ Andaman Alliance Head Limited တို့ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ပြီး ပူးတွဲ လုပ်ဆောင်နေ တာဖြစ်ပါတယ်။

လမ်းမတော်မြို့နယ်မှာ ရှိတဲ့ ဒီမြေနေရာကို Parkway Yangon ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး အကျိုး အမြတ်ကိုတော့ ပြည်ပ ကုမ္ပကီက ၆၂.၅ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီကတော့ ၃၇.၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG