သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေးအစီအစဉ် ပြည်သူ့လွှတ်တော် အတည်ပြု


ပြည်သူ့လွှတ်တော်မြင်ကွင်း။

၂၀၁၆ က ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ကိစ္စရပ်တွေလို နောက်ပိုင်း မှာ ထပ်မံမဖြစ်ပေါ်စေ ရေး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက် အကာ အကွယ်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီအမတ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ အဆိုပြုတင်သွင်းထားတာကို ဒီနေ့ လွှတ်တော်မှာ ဆုံးဖြတ်ခဲ့ပြီး ထောက်ခံသူများတာကြောင့် အဲဒီအဆိုကို အတည်ပြုလိုက်ပါတယ်။ ဒီ အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

တရားဥပဒေစိုးမိုးပြီး နိုင်ငံတွင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့ ကျူးလွန်ခဲ့တာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖော်ထုတ်ပြီး လိုအပ်တဲ့အကာအကွယ်တွေပေးဖို့ ပျော်ဘွယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတင်သွင်းတဲ့အဆိုကို ဒီနေ့ ပြည်သူ့ လွှတ်တော် မှာ ကိုယ်စားလှယ် ၁၈ ဦး ဆွေးနွေးခဲ့ကြပြီး ထောက်ခံသူများတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ပျော်ဘွယ် မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့လွှတ်တော်မှာ အခုလိုပြောခဲ့ပါတယ်။

“ကျနော့်ရဲ့အဆိုက နိုင်ငံတဝန်းလုံးအကြမ်းဖက် တိုက်ခိုက်မှုမခံရစေရေးအတွက် အကြောင်းအချက်ပါသလို အထူးအားဖြင့် ရခိုင်ပြည်နယ်မှာထပ်မံမဖြစ်ပေါ်စေဖို့-ဆိုတဲ့အချက် ပါပါတယ်။ ကျနော့်ရဲ့သဘောထားကတော့ နံပါတ်တစ်- ထုတ်ပြန်ထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမျိုး သားရေး၊ အမျိုးသားရေးအသိ ယှဉ်ပြီးပူးပေါင်းကာ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ နောက်ကွယ်က ကြိုးကိုင်သူ များကို ဖော်ထုတ်ရှင်းလင်းဖို့၊ နှစ်- ဖျက်သိမ်း လိုက်တဲ့ အထူးဥပဒေများနဲ့ နိုင်ငံသားများရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုဆိုင်ရာ အကာအကွယ်ပေးရေး ဥပဒေတို့ကိုလည်း အကြမ်းဖက်မှုမှ ပြည်သူလူထုကို ထိရောက်စွာ အကာကွယ် ပေးနိုင်အောင် ပြန်လည်သုံးသပ်ဖို့၊ နံပါတ် သုံး- အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့အညီ အားလုံးပေါင်းစပ် ညှိနှိုင်း အဖြေရှာ ဆောင်ရွက်ပေးဖို့ သဘောထားရှိပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ဖို့ အမျိုးသားအစီအစဉ် တရပ်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ ဆိုတဲ့ သမ္မတရုံးရဲ့ကြေငြာချက်မှာ နိုင်ငံခြား သားတဦး ပါဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီအမတ် တစ်ဦးကကန့်ကွက်တဲ့အရေးကြီးအဆိုကို အခုလ ၁၁ ရက်က လွှတ်တော်အမတ် ၂၁ ဦး ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်သူများတဲ့အတွက် လွှတ်တော်က အတည်မပြုခဲ့ပါဘူး။

ဒီနေ့ ဆွေးနွေးခဲ့တဲ့ ‘ရခိုင်ကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်’ ဆိုတဲ့ ဦး သောင်းအေးရဲ့အဆိုကိုတော့ သဘောတူသူများခဲ့ပါတယ်။ ရှမ်းပြည် နယ် ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ထောက်ခံတဲ့သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ကျမတို့ကလည်း အရမ်းကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်တိုက်ဖျက် မှုပေါ့နော်၊ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပေါ့၊ နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ အဲဒီဥပဒေထဲမှာလည်း ပါပါတယ်။ ရခိုင် အရေးကိစ္စနောက်ပိုင်းမှာ နိုင်ငံတကာဖိအားကို ရင်ဆိုင်နေရတယ်လေ။ မြန်မာနိုင်ငံက ပထဝီအနေအထားအရ လည်း အာရုံစိုက်ခံရတဲ့ နိုင်ငံဖြစ်လာ တာပေါ့နော်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့လည်း ဆက်ဆံရမှာပေါ့နော်။ ဒီနိုင်ငံခြားရေးမူဝါဒနဲ့ သံတမန်ဆက်ဆံရေး နည်း လမ်းကောင်းတွေကိုလည်း ကိုယ်က ရှိထားဖို့လိုတယ်။ ဥပဒေ ကြောင်းပေါ်မှာ ညီညွတ်အောင်ဆောင်ရွက်နိုင်ပါမှ တရား ဥပဒေ စိုးမိုးရေး ကလည်း ခိုင်မာပါမှ ဆောင်ရွက်မှုက အကျိုးဖြစ်ထွန်း နိုင်မယ်။”

ပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့တဲ့ အဆိုတွေအပေါ်မှာ အတိုက်အခံပါတီတွေ အပြန်အလှန် ကန့်ကွက်တာ တွေရှိခဲ့ပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ဒီနေ့တင်သွင်းတဲ့အဆိုကို သဘောမတူတဲ့သူ မရှိတဲ့ အတွက် လွှတ်တော်က အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG