သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော် ရပ်နား


ပြည်သူ့လွှတ်တော်၊ နေပြည်တော်။
ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကို ဒီကနေ့မှာ ရပ်နား လိုက်ပြီဖြစ်ပါတယ်။ လာမယ့်သောကြာနေ့ မှာ လည်း ပြည်ထောင်စု လွှတ်တော် ကို ရပ်နားတော့မှာပါ။ ဒီလိုရပ်နားတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ အရေးကြီး အဆိုတွေ တင်သွင်း ကာ ရပ်နား ဖို့ လုပ်ဆောင်တာမှာ အမျိုးလွှတ်တော်ဘက်က ရပ်နားလိုက်တဲ့အတွက် အခုလို ဒီတလအတွင်းမှာတင် ကျန် လွှတ်တော် နှစ်ခု လုံးပါ ရပ်နား လိုက်တာဖြစ်တယ်လို့လည်း လွှတ်တော်အမတ်တွေက သုံးသပ်နေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၈၉ ရက်မြောက်နေ့မှာ ရပ်နားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်းက အခုလို ကြေညာခဲ့တာပါ။

"ပထမအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာပါတယ်"

လွှတ်တော်သက်တမ်းဟာ လာမယ့် နှစ် ဇန်နဝါရီမှ ကုန်ဆုံးမှာဖြစ်တဲ့အတွက် လွှတ်တော် ရပ်နားပေမယ့် လွှတ်တော်က ဖွဲ့စည်း ထားတဲ့ ကော်မတီ၊ ကော်မရှင် အစည်းဝေးတွေကနေ ဥပဒေပြုလုပ်ငန်းများ ဆက်လုပ်ဖို့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းထားပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတဖို့ အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကူညီလုပ် ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"လွတ်လပ်၍တရားမျှတပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိအောင် ရွေးကောက်ပွဲကော်မရှင်တွင်သာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံတော် အစိုးရ ဥပဒေပြုအဖွဲ့ တရားစီရင်ရေးအဖွဲ့ ပါတီများ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနဲ့ ပြည်သူတရပ်လုံးမှာပါ တာဝန်ရှိသည်ဟု ခံယူပြီးဆောင်ရွက်ကြရမှာဖြစ် ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲ ကာလ နှင့် ရွေးကောက်ပွဲ အပြီးကာလတွေမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ရရှိအောင် အားလုံး ပါဝင်ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ ဒီလို မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိခိုက်နာကျင်မှု ခံစားရမှာက ပြည်သူများသာဖြစ်ပါလိမ့်မယ်။"

သြဂုတ်လ ၁၈ရက်နေ့က ပြန်လည်ကျင်းပခဲ့တဲ့ ဒီလွှတ်တော် အစည်းအဝေးတွေ တိုင်ခင်မှာ အများက စိတ်ဝင် စားနေကြ တဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်တွင်းကိုပါ ဂယက်ရိုက် လာမှာကို လွှတ်တော်ကိုယ်စားလှယ်အချို့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ သြဂုတ်လ ၁၂ ရက်နေ့ ညနဲ့ သြဂုတ်လ ၁၃ ရက်နေ့ အဖြစ်အပျက်တွေကြောင့် စိုးရိမ်မကင်း ဖြစ်ခဲ့ကြတာပါ။ လွှတ်တော်ပြန် စစချင်း မှာပဲ ရေဘေးနဲ့ လာမယ့်ရွေးကောက်ပွဲပြင်ဆင်ဖို့ အတွက် ဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီဝင်အချို့က လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အရေးကြီးအဆိုတွေ တင်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် လွှတ်တော်ကို ချက်ချင်း မရပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုအပေါ်ချေပခဲ့ပေမယ့် အမျိုးသား လွှတ်တော်ကတော့ အဆိုကိုလက်ခံကာ သြဂုတ် ၁၉ရက်က လုံးဝ ရပ်နားလိုက်ပါတယ်။

ဒီလိုအမျိုးသားလွှတ်တော် ရပ်နားမှုကြောင့် ပြည်သူ့ လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်လည်း အခုလို မြန်မြန်ဆန်ဆန် ရပ်နားလိုက်ရတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေအချို့က သုံးသပ်နေကြပေမယ့် အချို့ကတော့ ရွေးကောက်ပွဲနီးတဲ့အတွက် ရပ်နားတာဖြစ်တယ် လို့မြင်ကြတာဖြစ်ပါတယ်။

ဒီအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်ကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။

"အမျိုးသားလွှတ်တော်ရပ်ဖို့ ပြည်သူ့လွှတ်တော်ရပ်ဖို့ဆိုတာ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေကတင်တာ။ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေ ဘာကြောင့်တင်ရသလဲဆိုရင်တော့ မှန်းဆကြည့်ရတာ သူတို့ ဥက္ကဌ ဦးဌေးဦးက တင်ခိုင်းလို့ လို့ယူဆရတယ်။ ဦးဌေးဦးကို ဘယ်သူကခိုင်းသလဲဆိုတာက ဒါက နိုင်ငံရေးပြင်ပကနေ စဉ်းစားပြီးမှ အဖြေထုတ် လို့ရတာပေါ့။ ရွေးကောက်ပွဲ နီးပြီဆို ဒီ လွှတ်တော်က ရပ်ကိုရပ်ရတော့မှာ။ သို့သော်လည်းပဲ သူတို့ ဗြုန်းစားကြီး ရပ်စရာ မလိုဘူး"

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ လွှတ်တော်နဲ့ပတ်သတ်ပြီး သူ့အမြင်ကို အခုလိုပြောပါတယ်။

"လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ကတော့ ပြည်သူက ရွေးချယ် တင် မြှောက် လိုက်တာလေ။ လွှတ်တော်ကိုယ်စားလှယ် ရဲ့ အဓိကတာဝန်ကတော့ ဥပဒေပြုဖို့ပေါ့။ နံပါတ် ၂ က တော့ Check and Balances လုပ်ဖို့ ပေါ့။ Check and Balances လုပ်ဖို့ဆိုတာက မဏ္ဍိုင်ကြီး ၃ ခုကို တခုနဲ့တခု Check and Balances လုပ်ဖို့ပေါ့။ နံပါတ် ၃ ကတော့ ကျနော်တို့ဒေသအတွက် ကျနော်တို့ရွေးချယ်ပေး လိုက်တဲ့ပြည်သူတွေ ကိုယ့်နယ်ဒေသကို ပြန်ပြီးတော့ အကျိုးပြု တဲ့ မေးခွန်းတွေပေါ့လေ ကျနော်တို့ဒီမှာ လုပ်ပေးဖို့ ကျနော်တို့ အများကြီး လုပ်ပေးနိုင်ခဲ့ပါတယ်။ ဥပဒေအနေနဲ့ နံပါတ်တစ် ဥပဒေနဲ့ ပြောရင် လွှတ်တော်ကြီး တစ်ခုလုံးအနေနဲ့ ဥပဒေပေါင်း ၁၈၀ လောက်ပြီးပါတယ်။ တခုလုံးခြုံကြည့်ရင်တော့ ရာနှုန်းပြည့်တော့မပြီးဘူး။ ၈၀ ရာခိုင်နှုန်းလောက်တော့ပြီး တယ်လို့ပြောရတယ်။ ကျေနပ်ပါတယ် ကျနော်တို့"

အခု ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးဟာ လွှတ်တော် ကျင်းပခဲ့တဲ့ သက်တမ်း တလျှောက်လုံးမှာ အဆိုများ တင်သွင်းခြင်း နဲ့ ဥပဒေကြမ်းများ စိစစ်ခြင်း တို့အား အများဆုံး ပြုလုပ်ခဲ့တာကြောင့် အစည်း အဝေးကာလ အရှည်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကျင်းပမှုဟာ ၇လကျော် ကြာမြင့်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ကြယ် ပွင့်ပြနဲ့ ကြယ်ပွင့်မပြမေးခွန်း စုစုပေါင်း ၁၇၀၀ ကျော် အနက် ၁၆၀၀ကျော် ဖြေဆိုနိုင်ခဲ့ပါတယ်။ အဆို ၂၅အနက်မှာ အရေး ကြီးအဆိုတခုတင်နိုင်ခဲ့ပါတယ်။ ဥပဒေကြမ်း ၉၀ကျော်မှာ ၈၀ကျော် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကို ၂၀၁၁ ဇန်နဝါရီလ ၃၁ရက်နေ့က စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ထားချက်များအရ လွှတ်တော်သက်တမ်း ၅နှစ်အတွင်း ပြင်ဆင်ဖြည့်စွက် အသစ်ရေးနိုင်ခဲ့တဲ့ ဥပဒေပေါင်း ၁၈၀ကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို လာမယ့်ရွေးကောက်ပွဲ အပြီး လွှတ်တော်သက်တမ်းသက်တမ်းကုန်ဆုံးမယ့် လာမယ့် နှစ် ဇန်နဝါရီမှာ နောက်ဆုံးထပ်မံခေါ်ယူ ဦးမှာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေကပြောပါတယ်။

XS
SM
MD
LG