သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်


ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းဟာ ရန်ကုန် SSC ရွှေဂုံတိုင် အထူးကုဆေးရုံမှာ မနေ့က တနင်္ဂနွေနေ့ည ၁၁ နာရီခွဲအချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် ပြီးခဲ့တဲ့ ဧပြီလကတည်းက စာမရေးနိုင်တာ ကြာပြီဖြစ်တဲ့ လူထုဦးစိန်ဝင်းဟာ ကျန်းမာရေး ပိုဆိုးလာလို့ SSC ဆေးရုံမှာ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းကပဲ ဆေးရုံတင်ထားခဲ့ရတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။

လူထုစိန်ဝင်းဟာ ကျောင်းသားဘ၀ ကတည်းက စာနယ်ဇင်းကိစ္စရပ်တွေမှာ အထူးစိတ်ဝင်စားခဲ့သူဖြစ်ပြီး၊ ကျောင်းပြီးတဲ့နောက် မန္တလေး လူထုသတင်းစာတိုက်မှာ အယ်ဒီတာအဖွဲ့ဝင် တဦးအနေနဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ လူထုသတင်းစာတိုက် အပိတ်ခံရတဲ့ အချိန်အထိ ဆောင်ရွက်ခဲ့တာပါ။ ၁၉၆၉ ခုနှစ်မှာတော့ အာဏာသိမ်း စစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထောင်ချမှုခံခဲ့ရပြီး၊ ကိုးကိုးကျွန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။ အထိန်းသိမ်းခံ ဘဝကတည်းက ကျန်းမာရေး သိပ်မကောင်းတော့တဲ့ လူထုဦးစိန်ဝင်းဟာ ၁၉၈၀ ပြည့်နှစ် ထောင်ကထွက်ချိန်မှာ လေဖြတ်ပြီး ခန္ဓာကိုယ်တခြမ်း သေသွားခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်ဖက်လက်နဲ့ စာဆက်ရေးပြီး၊ တဖက်မှာတော့ အင်္ဂလိပ်စာ သင်တန်းတွေ ဖွင့်လှစ် ပို့ချခဲ့ပါတယ်။ မကွယ်လွန်ချိန်အထိ ကလောင် ၁၅ ခုနဲ့ အကြောင်းရာမျိုးစုံနဲ့ စာတွေ ရေးသားခဲ့ပါတယ်။ ဝင်ဇော် ဆိုတဲ့ ကလောင်နဲ့ တောင်ဗီယက်နမ်မှာ ငရဲခန်းများနဲ့ အလံမလှဲစတမ်း ဘာသာပြန် စာအုပ်တွေဟာ ထင်ရှားပါတယ်။ နောက်ပိုင်းမှာတော့ လူထုစိန်ဝင်းဆိုတဲ့ ကလောင်ကိုပဲ အဓိကထားသုံးပါတယ်။ စာပေ စာနယ်ဇင်း ကိစ္စရပ်တွေအပြင် လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာရေးရာ ဆောင်းပါးတွေ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးနဲ့ပတ်သက်လို့ ကိစ္စရပ်တွေကိုလည်း ရဲရဲတင်းတင်း ရေးသားပြောဆို သဘောထားတွေ ပေးခဲ့ပါတယ်။ လက်ရှိ ထုတ်ဝေနေတဲ့ ဂျာနယ် မဂ္ဂဇင်း အတော်များများမှာလည်း စာနယ်ဇင်းနဲ့ပတ်သက်တာ၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ထောက်ပြ ဝေဖန် ရေးသားခဲ့တာကြောင့်၊ စာအရေးနိုင်ဆုံး စာရေးဆရာတဦးအဖြစ် မှတ်ချက်ပြုခံရသူပါ။

အခုလို လူထုစိန်ဝင်း ကွယ်လွန်သွားတာကြောင့် မြန်မာ လူ့အဖွဲ့အစည်းအတွက် ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ စာပေအသိုင်းအဝိုင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်အတော်များများက မှတ်ချက် ပြုကြပါတယ်။ သူနဲ့အတူ လူထုသတင်းစာတိုက်မှာ အတူတူ လုပ်ကိုင်ခဲ့သလို၊ ထောင်ကျစဉ် ကိုးကိုးကျွန်းမှာလည်း အတူတူ ရပ်တည်ခဲ့သူ တဦးဖြစ်တဲ့ လူထုတိုက်အနွယ် ရဲဘော်ဖိုးသံချောင်းကတော့ လူထုစိန်ဝင်းဟာ အခုအချိန်အခါမျိုးမှာ နှိုင်းယှဉ်စရာရှားပါးတဲ့ အစားထိုးမရသူတဦး ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ကိုသားညွန့်ဦးက ရဲဘော်ဖိုးသံချောင်းကို ဆက်သွယ် မေးမြန်းထားတာပါ။

“ကျနော်နဲ့ ကိုစိန်ဝင်းကတော့ လူထုသတင်းစာရဲ့ ပုံမှန် လုပ်ငန်းတွေထဲမှာ အတူ ဖြတ်သန်းခဲ့ကြတယ်ဗျ။ လူထုသတင်းစာဆိုတာလည်း အားလုံး သိကြတဲ့အတိုင်းပဲ။ အစိုးရက အငြိုငြင်ခံရတဲ့ သတင်းစာတစောင်။ အဲဒီအထဲမှာ ကျနော်တို့ အတူ ဖြတ်သန်းရတဲ့အခါကျတော့ တခြား သတင်းစာတွေလို မဟုတ်ပါဘူး။ အခက်အခဲတွေက ဒီမိုကရေစီ အနှောင်အဖွဲ့တွေကြားထဲက ဖြတ်သန်းခဲ့ရတာပါ။ နောက်တခါလည်း သူနဲ့ ကျနော်နဲ့ စစ်အစိုးရ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တဲ့ အရေးအခင်းတွေမှာ သဏ္ဍာန်မျိုးစုံန့ ကျနော်တို့နှစ်ယောက် လက်တွဲ ပါဝင်ခဲ့ကြပါတယ်။ နောက်ဆုံး ထောင်ထဲမှာတောင်မှ ကျနော်တို့ အတူတူ၊ ကိုးကိုးကျွန်းမှာတောင်မှ ကျနော်တို့ အတူတူ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဆိုတော့ အင်မတန်မှလည်း သံယောဇဉ်ကြီးပါတယ်။ ကျနော်လည်း အသက် ၂၀ မပြည့်ခင်ကစပြီး သူနဲ့ကျနော်နဲ့ ရင်းနှီးခဲ့တာ။ သူ့ရဲ့ အမှန်တရား အပေါ်မှာ သူယုံကြည်တဲ့ အမှန်တရားအပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်မှု၊ အဲဒီအတွက် ကိုယ်ကျိုးစွန့်နိုင်မှု၊ ကိုယ်ကျိုးစွန့်တယ် ဆိုတဲ့နေရာမှာ သာမန် အနစ်နာခံမျိုး မဟုတ်ဘဲနဲ့ ပြောစရာရှိရင် ပြောကိုပြောရမှ ဆိုတဲ့ဟာမျိုး။ ဘယ်သူ့မှ မထောက်ထားဘဲ ပြောနိုင်တဲ့ဟာမျိုး။ ကျနော်တော့ နှိုင်းယှဉ်စရာ အခုခါမှာဆိုရင် အတော်ကို ရှားသွားပြီလို့ ထင်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုး။ အဲဒီလို လူတစ်ယောက် ဆုံးရှုံးရတာဟာ ကျနော်တို့ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခုပါ။ မီဒီယာ သဘောနဲ့တင် မကပါဘူး။ နိုင်ငံရေး သဘောအရနဲ့ရော၊ ယဉ်ကျေးမှု ရေးရာအတွက်လည်း တိုင်းပြည်အတွက် ဆုံးရှုံးပါတယ်။ အဲဒါအပြင် လူထု မိသားစုနဲ့ ကျနော့် တယောက်အတွက်လည်း အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ခံစားမိပါတယ်။ ကျနော် အင်မတန် ကျေကွဲမိပါတယ်။”

ကိုဖိုးသံချောင်းနဲ့ ဆိုရင် သူနဲ့ လူထုတိုက်မှာလည်း အတူတူ လုပ်ခဲ့တယ်။ ထောင်ထဲ၊ ကျွန်းပေါ်မှာလည်း အတူတူ လုပ်ခဲ့တယ်။ အဲဒီတော့ သူနဲ့ ပတ်သက်လို့ ဆရာလူထုစိန်ဝင်းက ဘယ်လိုမျိုး ပုဂ္ဂိုလ်မျိုးလဲ။ ထူးထူးခြားခြား ရှိတာလေး။ မှတ်မှတ်ရရ ရှိတာလေး ပြောပြပေးလို့ရမလား ခင်ဗျ။

“ဟုတ်ကဲ့။ လူတယောက် အနေနဲ့က သူလည်း လူတယောက်ပါပဲ။ ဆိုလိုတာ ပျော်စရာရှိရင် ပျော်တယ်။ ကျနော်တို့ ဘောလုံးကန်တာ ဝါသနာပါတယ်။ သူလည်း ဝါသနာပါတယ်။ စစ်တုရင်ထိုးတာ ဝါသနာပါတယ်။ သူလည်း ဝါသနာပါတယ်။ ရယ်စရာရှိရင် ရယ်တယ်။ ငိုစရာရှိရင် ငိုတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်လာလို့ရှိရင် လုပ်ငန်းဆိုတဲ့နေရာမှာ နှစ်မျိုးပါ။ တခုက နိုင်ငံရေးအလုပ်မှာ။ တခုက သတင်းစာအလုပ်မှာ။ အဲဒါနဲ့ ပတ်သက်လာလို့ရှိရင် သူဟာ အင်မတန် စနစ်ကျတယ်။ ဇောက်ချပြီး လုပ်တယ်။ အဲဒါကိုတော့ ဘယ်ဟာကမှ အထိအခိုက်မခံဘူး။ ဝါသနာတွေ ဘာတွေကနေပြီးတော့ သူ့လုပ်ငန်း မူအပေါ်မှာ ဘယ်တော့ အထိအခိုက်မခံပါဘူး။ အဲဒါ သူ့ရဲ့ ထူးခြားချက်ပါ။”

သူကတော့ အခု နောက်ပိုင်းမှာ၊ စာတွေ ရေးသားတဲ့အတွက်ကြောင့်မို့လို့ သူ့ကို စာရေးဆရာ၊ သတင်းစာဆရာအနေနဲ့ လူသိများပါတယ်။ သူ့ရဲ့ နိုင်ငံရေးအကြောင်းကို သိပ်မသိကြပါဘူးခင်ဗျ။ ကိုဖိုးသံချောင်း ပြောပြပေးလို့ရမလားခင်ဗျ။

“သူနဲ့ကျနော်တို့ ကြီးပြင်းရတာက အထူးသဖြင့် နိုင်ငံရေးအရ ကြီးပြင်းရတာက ဗိုလ်နေဝင်းရဲ့ မဆလ ခေတ်နောက်ပိုင်းမှာ ကြီးပြင်းရတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ မြေအောက်လုပ်ငန်းပဲ လုပ်ကြတာပါ။ အဲဒါကြောင့်မိုလို့ သူ ဘာလုပ်တယ်ဆိုတာကို အတိအကျ ကျနော်က သိပ်ပြောလို့ မရဘူးခင်ဗျ။ သူကလည်း ရန်ကုန်မှာလုပ်တာ ပိုများတယ်။ ကျနော်က မန္တလေးမှာ လုပ်တာများတော့ အတိအကျပြောရတာ အတော်ခက်တယ်။ ထောင်ထဲရောက်တော့မှပဲ၊ အော်… သူလည်းပဲ ဒီလိုင်းကပါလား၊ ငါလည်းပဲ ဒီလိုင်းကပါလား ဆိုပြီးတော့ သွားပြီးတော့ သိကြတာ။ အဲဒီတော့ ဘာတွေလုပ်တယ်ဆိုတာ အတိအကျ ပြောရတာကတော့ ခက်တယ်။ ဒါပေမဲ့ သူနဲ့အတူ ကျလာတဲ့၊ ထောင်ထဲရောက်လာတဲ့သူတွေ ကရော၊ အရင်တုန်းက လုပ်ဖူးတဲ့သူတွေက သူ့အပေါ်မှာ ခင်မင်လေးစား ရှိကြတယ်။ သူ့ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အကောင်းပဲ ပြောကြတာ ကြားဖူးပါတယ်။”

အခုနောက်ပိုင်းမှာဆိုလို့ရှိရင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ပြတ်ပြတ်သားသား သူ ရေးသား တောင်းဆိုတာ ရှိတယ်။ နိုင်ငံရေးတင် မဟုတ်ပါဘူး။ တခြား လူမှုရေးကိစ္စတွေ၊ တခြားကိစ္စတွေ ရေးသားလာတာ ရှိပါတယ်ခင်ဗျ။ ဒီရေးသားချက်တွေနဲ့ ပတ်သက်လို့ရော ကိုသံချောင်း ဘယ်လို ယူဆပါသလဲ။

“ကျနော်ကတော့ သူဟာ တိုင်းပြည်အတွက် သိပ်ကိုအကျိုးပြုနိုင်တဲ့ ကလောင်တချောင်းလို့ မြင်မိပါတယ်။ သူလိုမှ မပြောရင် မဖြစ်တဲ့ကိစ္စတွေ၊ တိုင်းပြည်အတွက် တကယ် ပြောဖို့လိုနေတဲ့ကိစ္စတွေ သူ ဝင် ဝင်ပြောနေတယ်လို့ ထင်ပါတယ်။ သူမရှိရင် ဘယ်သူမှ မပြောတော့မှာကို ကျနော် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲလို့ ဆိုတော့ သူ ကလောင်ရေးတာဟာ ဘာကိုမှ မျှော်ကိုးပြီး ရေးနေတာ မဟုတ်ဘူး။ ကိုယ်ကျိုးမဖက်တဲ့ တကယ်လည်း တိုင်းပြည်အပေါ်မှာ၊ အထူးသဖြင့် ဆင်းရဲသား ပြည်သူတွေအပေါ်မှာ၊ မြန်မာတမျိုးသားလုံးအပေါ်မှာ စေတနာရှိတဲ့ ကလောင်ရှင်မျိုးက များများမရှိဘူးလို့ ကျနော်ထင်ပါတယ်။”

XS
SM
MD
LG