သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေကြောင်းပိုင် တရုတ်လုပ်MA60 လေယာဉ် ပျံသန်းခွင့် ယာယီပိတ်


တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံမှာ မတော်တဆဖြစ်ခဲ့တဲ့ MA60 ပုံ (၁၀ ဇွန် ၂၀၁၃)
တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံမှာ မတော်တဆဖြစ်ခဲ့တဲ့ MA60 ပုံ (၁၀ ဇွန် ၂၀၁၃)
မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းလေဆိပ်မှာ လေယာဉ် မတော်တဆဖြစ်ပြီးနောက် တရုတ်လုပ် MA-60 လေယာဉ်တွေ ပျံသန်းမှုကို ယာယီ ရပ်ဆိုင်းထားလိုက်တယ်လို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ တနင်္လာနေ့တုန်းက ကော့သောင်းမှာ ဖြစ်ခဲ့တဲ့ လေယာဉ် မတော်တဆမှုဟာ ကွင်းကြောင့်မဟုတ်ဘဲ လေယာဉ် စက်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

တနင်္လာနေ့ နေလည်ပိုင်းမှာ မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံလုပ် MA-60 အမျိုးအစား လေယာဉ်ဟာ ကော့သောင်းလေဆိပ်ကို အဆင်း လမ်းချော်ပြီး လေယာဉ်ပြေးလမ်းရဲ့ အနောက်ဘက် ပေ ၂၀၀ လောက်အထိ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက် ဒဏ်ရာရမှု မရှိပေမဲ့ လေယာဉ်ကတော့ ပန်ကာပိုင်းတွေ ကျိုးပျက်သွားပါတယ်။

အခုလို လေယာဉ် မတော်တဆဖြစ်မှုကို စုံစမ်းစစ်ဆေးဆဲရှိပြီး၊ ကနဦး လေ့လာချက်အရ ရာသီဥတုနဲ့ ကွင်းကြောင့်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာကြောင့် ယူဆတယ်လို့ မြန်မာ့လေကြောင်း ညွန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ဗွီအိုအေ ကို ရှင်းပြပါတယ်။

“အဲ့ဒါကတော့ ကွင်းကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ရာသီဥတုကလည်း မိုးရွာနေတာ ဘာညာ အဲ့လိုမျိုးမဟုတ်ဘူး။ ကောင်းတယ်လို့ သိရတယ်။ အဲ့တော့ ကျနော်တို့ တွက်တာကတော့ ပုံမှန်အတိုင်း ဆင်းတယ်။ မြေပေါ်ကိုရောက်မှ ဘယ်ဘက်ကို ဆွဲထွက်သွားတယ်လို့ ပြောတယ်။ ဒါကြောင့် လေဆန်ကြောင့်ဖြစ်သလား။ လေကြောင့်မို့လို့ Control မှာ ဟိုဒင်းဖြစ်တာလား။ အားနည်းချက်ရှိတာလားဆိုတာ အဲ့တော့ ကနဦးပြောတာကတော့ လေယာဉ်ရဲ့ System မကောင်းဘူးလို့ ပြောတယ်။ ခုံရုံးအဖွဲ့က မနေ့ကသွားတယ်။ သွားတော့ ဟိုမှာ ရာသီဥတုမကောင်းတာနဲ့ ထားဝယ်မှာ ဆင်းနားပြီးစောင့်တာ။ မရတာနဲ့ ရန်ကုန်ပြန်လာကြတယ်။ အဲ့တော့ ဒီနေ့ ထပ်သွားတယ်လို့ သိရပါတယ်။”

ပြီးခဲ့တဲ့ လတွေတုန်းကတော့ အလားတူ MA-60 အမျိုးအစား လေယာဉ်တစ်စင်း ရှမ်းပြည်နယ် မိုင်းဆပ်မှာ မတော်တဆ ဖြစ်ခဲ့တာကြောင့် အဲ့ဒီ MA-60 လေယာဉ်တွေ အသုံးပြုမှုကို ယာယီဆိုင်းငံလိုက်ပြီ ဖြစ်တယ်လို့ ဦးဝင်ဆွေထွန်း က ပြောပါတယ်။

“MA-60 က စုစုပေါင်း ၃ စင်းဝယ်တာလေ။ ၃ စင်းဝယ်တာမှာ အခု ၂ ခုဖြစ်သွားတာပေါ့။ ၂ စင်းဖြစ်သွားတော့ နောက်တစ်စင်းကိုလည်း ဆက်ပြီးတော့ Operation ကို ခွင့်မပြုတော့ဘူး။ ပိတ်ထားလိုက်တယ်။”

ပြီးခဲ့တဲ့ မေလတုန်းကတော့ လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပရာမှာ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ဝန်ကြီး ဦးဉာဏ်ထွန်း အပါအဝင် အရာရှိကြီးတွေနဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူတွေ တတ်ရောက်ဆွေးနွေးပြီး၊ လေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ ချမှတ်ခဲ့တာရှိတယ်လို့ ဦးဝင်းဆွေထွန်း က ပြောပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ ပိုပြီးတော့ များပြားလာချိန်လည်း ဖြစ်တာမို့၊ လေကြောင်းလိုင်း အန္တရာယ် ထိန်းသိမ်းကာကွယ်မှုတွေကိုလည်း တိုးလုပ်လာချိန်ဖြစ်ပါတယ်။ အခု ပျံသန်းမှုတွေ ရပ်နားလိုက်တဲ့ MA-60 လေယာဉ်တွေဟာ နိုင်ငံတကာမှာလည်း မကြာခဏ မတော်တဆမှု တွေ့ရတတ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းကတော့ အင်ဒိုနီးရှားနိုင်ငံတွင်း MA-60 လေယာဉ်တစ်စင်း ပျက်ကျတာကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ရဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီလေယာဉ်တွေကို ဆင်းသက်ဖို့ ခက်တဲ့ လေယာဉ်ကွင်း သုံးခုမှာ အသုံးမပြုဖို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပိတ်ပင်ခဲ့ရပါတယ်။

မေလ ၁၆ ရက်နေ့တုန်းကတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်ကနေ မိုင်းဆပ်ကိုအသွားမှာ မြန်မာ့လေကြောင်းပိုင် MA-60 လေယာဉ်ပဲ လမ်းချော်တာကြောင့် လူ နှစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တနင်္လာနေ့တုန်းကတော့ ကော့သောင်းလေဆိပ်မှာ MA-60 လေယာဉ် လမ်းချော်ခဲ့ချိန်မှာပဲ၊ တနေ့တည်း အင်ဒိုနီးရှားမှာလည်း တရုတ်လုပ် MA-60 လေယာဉ်တစ်စင်း လမ်းချော်ခဲ့တာကြောင့် လူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
MA-60 လေယာဉ်တွေနဲ့ပတ်သက်လို့ မှတ်တမ်းတွေမှာတော့ မတော်တဆမှု အများစုဟာ ရာသီဥတုနဲ့ ကွင်းကြောင့်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် ဖြစ်တာတွေ့ရပါတယ်။
XS
SM
MD
LG