သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဓမ္မပရဟိတအဖွဲ့ ဆရာတော်နှစ်ပါးကို သြဝါဒခံယူဖို့ သံဃမဟာနာယက ခေါ်ယူ


ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီအစည်းအဝေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီအစည်းအဝေး

မဘသ အသွင်ပြောင်း ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီအစည်းအဝေး လုပ်ခဲ့တာနဲ့ ပတ်သက်လို့ အဲဒီအစည်းအဝေး ဦးဆောင်ဆရာတော် နှစ်ပါးကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးမ သြဝါဒပေးဖို့ ဒီကနေ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအဖွဲ့ရဲ့ အဓိက ဆရာတော်ဖြစ်တဲ့ ရွာမကျောင်းတိုက်ဆရာတော်မလာရောက်ခဲ့လို့ သြဝါဒ မပေး ဖြစ်ခဲ့တဲ့အကြောင်း ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မဘသအသွင်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) က ပြီးခဲ့တဲ့ ဂျွန် ၆ ရက်နေ့က နှစ်ပတ်လည် စုံညီအစည်းအဝေး ပြုလုပ်ခဲ့တဲ့အတွက် ဖောင်ဒေးရှင်း ဗဟိုဥက္ကဌ ရွာမ ဆရာတော်နဲ့ ဒုက္ကဌ ဆရာတော်တို့ကို ဆုံးမသြဝဒါ ပေးဖို့ ခေါ်ယူခဲ့ပါတယ်။

ဒီနေ့မှာတော့ ရွာမ ဆရာတော်က မလာရောက်ဘဲ ဒုတိယဥက္ကဌ ဆရာတော်သာ လာရောက်ခဲ့တဲ့အတွက် ဆုံးမ သြဝါဒ မပေးခဲ့ပါဘူး။ ဒီကနေ့ အခြေအနေနဲ့ ပတ်သက်လို့ ဒုတိယဥက္ကဌ ဆရာတော် ဥူးသီလက္နန္ဓာဘိဝံသက အခုလိုမိန့်ကြားပါတယ်။

"ဥက္ကဌ ဆရာတော်ကြီး အင်းစိန်ရွာမ ဆရာတော်ကြီး မကြွနိုင်တဲ့အတွက် မိန့်ကြားစရာရှိတဲ့ သြဝါဒလည်း မမိန့်ကြားဘူး။ ဆရာတော်ကြီးက ကျန်းမာရေးပေါ့။ သက်တော်ကြီးပြီဆိုတော့ ကျန်းမာရေးကြောင့် မကြွနိုင်ဘူး ပေါ့။ ဆရာတော်တွေက သြဝါဒပေးချင်လို့ ပင့်တယ်ဆိုတာ ကောင်းပါတယ်။ ဘုန်းဘုန်းတို့လည်း သြဝါဒ ခံယူ ရတာပေါ့။ သူတို့လည်း မိန့်စရာရှိတာ မိန့်လို့ရတယ်။ ဘုန်းဘုန်းတို့လည်း လျှောက်စရာရှိတာ လျှောက်လို့ရ တယ်။ ဒါကောင်းတာပဲ။ ဒီနေ့ကတော့ အဲ့ကိစ္စတွေ ဘာမှ မဆောင်ရွက်လိုက်နိုင်ပါဘူး။ ဆရာတော်တွေလည်း မမိန့်နိုင်ဘူး ဘုန်းဘုန်းတို့ကလည်း ပြန်ပြီးတော့ မလျှောက်လိုက်နိုင်ဘူးပေါ့။"

သြဝါဒခံယူပွဲကို ဖောင်းဒေးရှင်း ဥက္ကဌ ဆရာတော်ဖြစ်တဲ့ အင်းစိန်ရွာမ ဆရာတော်ကြီး မလာရောက်ခဲ့ပေမယ့် ကြေညာချက်တစောင်ထုတ်ခဲ့ပါတယ်။ ကြေညာချက်ထဲမှာတော့ မဟန အဖွဲ့အစည်းဟာ သံဃာတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် သံဃာနဲ့ သာသနာကို မကြည့်ဘဲ သာသနာဖျက်လိုတဲ့ အာဏာရှင်တစုရဲ့ ဖိအားပေး တာတွေကို ဆောင်ရွက်မယ်ဆိုရင် ဆရာတော်တွေ သမိုင်းတရားခံ ဖြစ်သွားနိုင်တယ်ဆိုပြီး ပါရှိပါတယ်။

ဒါ့အပြင် ဒီနေ့သြဝါဒခံယူပွဲကိုတော့ အမျိုးသားရေး တက်ကြွသူတချို့က လာရောက် ဝန်းရံခဲ့ကြပါသေးတယ်။ ဒီကနေ့ လာရောက်ဝန်းရံတဲ့ ကိုဝင်းကိုကိုလတ်ကတော့ အခုလိုပြောပါတယ်။

"နိုင်ငံတော် သြဝါဒစရိရ ဆရာတော်လည်းဖြစ်တယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး တကယ်လည်း ဆောင်ရွက်နေတာဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့ဒီနိုင်ငံမှာ နိုင်ငံရေးအရ ပါတီတခုနဲ့ပါတီတခုနဲ့ မသင့်မြတ်လို့ ပါတီတခုက အာဏာရရေး ပါတီတခုက အာဏာမရရေး သူတို့ရဲ့ ဖြစ်ပေါ်လာတဲ့ အပိုင်းတွေ အပေါ်မှာလည်း သံဃာတွေကို အသုံးချနေတယ်လို့ မြင်ပါတယ်။"

၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မဘသကို ၂၀၁၇ ခုနှစ်မှာတော့ တရားမဝင် အသင်းအဖြစ် ကြေညာခဲ့ပြီးနောက် မဘသ ဆိုင်းဘုတ်တွေကို ဖြုတ်ဖို့အတွက် မဟနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မဘသကို ဖျက်သိမ်းပြီး မကြာခင်မှာပဲ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကိုပါ တရားမဝင်အဖွဲ့အစည်းအဖြစ် မဟနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သြဝါဒပေးဖို့ ခေါ်ယူတာနဲ့ ပတ်သက်လို့ ဆရာတော်မင်းသုညက သူ့အမြင်ကို အခုလို မိန့်ပါတယ်။

"ဥပဒေကို ကျော်လွန်နေတာဖြစ်တယ်။ တရားဝင်ချမှတ်ထားတာကို ဒါကြောင့်မို့လို့ သံဃာ့နာယက ကနေပြီးတော့လုပ်တာဟာ အဖွဲ့အစည်းရဲ့ အားပေးမှု ခိုင်းစေမှုကြောင့်မဟုတ်ဘူး။ သူတို့မှာ ခုနက ပြောခဲ့တဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ သြဝါဒတွေနဲ့ သူတို့အဲဒီတိုင်း ဆောင်ရွက်ကြတာ။ ဒါပထမကတည်းက ဖျက်သိမ်း ပြီးသားဆိုတာ နှစ်ပတ်လည်ဆိုတာ အစကတည်းက ဆောင်ရွက်ခွင့်မရှိဘူး။ ပြီးတော့လည်းပဲ အခုလက်ရှိ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ နှစ်ပတ်လည်တုန်းက ပြောသွားတဲ့ စကားတွေဟာဆိုရင် ဒါဟာ လုံး၀ ဥပဒေနဲ့ မညီဘူး။"

ဒီတရားမဝင်ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည် စုံညီအစည်းအဝေးကို သံဃာ ၁၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင်တက်ရောက်ခဲ့ပြီး အလှူငွေလှူဒါန်းခဲ့ပြီးတော့ အစိုးရကို အခွန်ပေးရန် ပျက်ကွက်ခဲ့လို့ တရားစွဲခံရပြီး ဝရမ်းထုတ်ခံထားရတဲ့ ဦးစိုးထွန်းရှိန်ကလည်း နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ထင်ရှားတဲ့ ဆရာတော် တပါးဖြစ်တဲ့ ဆရာတော် ဦးဝီရသူဟာလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ အမှုရင်ဆိုင်နေရ ပါတယ်။ ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်း သံဃာ့ နာယာကအဖွဲ့က သြဝါဒပေးဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဆိုင်းငံ့လိုက်ပြီး ဆရာတော် ဦးဝီရသူဘက်ကတော့ ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ လူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG