တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ဝတ်စုံသစ် ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဝတ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက် Facebook စာမျက်နှာမှာ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို မအူပင်မြို့နယ် တရားရုံးက ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
မချောစန္ဒီထွန်းကို အာမခံ မပေးဘဲ မအူပင် ရဲစခန်းမှာ ထိန်းသိမ်းထားတယ် လို့လည်း မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။ ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က အရာရှိ ဗိုလ်မှူးကြီး ကျော်ထင်က မအူပင်မြို့မ ရဲစခန်းတွင် တရားလို ပြုလုပ်၍ အောက်တိုဘာ ၁၂ ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
အသက် ၂၅နှစ်အရွယ် မချောစန္ဒီထွန်းဟာ သူရဲ့ ကိုယ်ပိုင်ဖေ့ဘုတ် အကောင့် အပေါ်မှာ တပ်မတော်ရဲ့ အစိမ်းနုရောင် စစ်ဝတ်စုံသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝတ်အစား အရောင်နဲ့ နှိုင်းယှဉ်တဲ့ ဓါတ်ပုံတင်ပြီး ဝေဖန်သရော်ခဲ့တာလို့ စွတ်စွဲခံထားရပါတယ်။
အဖွဲ့အစည်း တခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်နစ်နာစေရန် ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ် ထားသည့် အချက်အလက်ကို ဖြန့်ချီခြင်းဆိုတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ)နဲ့ အမှုဖွင့်ဖို့ နတခ ဒု ဗိုလ်မှုးကြီးကျော်ထင်က မအူပင်ရဲစခန်းမှာ တိုင်ကြားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၂ ရက်နေ့ကတော့ ရန်ကုန်မှာကို သူ့ကို ဖမ်းဆီးပြီး၊ မအူပင် ရဲစခန်းကို လွဲှပြောင်း ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဒီကနေ့ မအူပင်မြိ့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်တော့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ အမှုပြောင်းတင်ခဲ့ တယ်လို့လည်း မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။
ဆက်သွယ်ရေး ကွန်ရက်တခုကို သုံးပြီး အသရေဖျက်မှု ဆိုတဲ့ ပုဒ်မ ၆၆ (ဃ) ပုဒ်မဟာ ပိုမိုပြင်းထန်တဲ့ စွဲချက်ဖြစ်ပြီး၊ ထောင်ဒဏ် ၃နှစ်အထိ ချနိုင်တဲ့ ပုဒ်မဖြစ်တယ် လို့ လူ့အခွင့်အရေး ရှေ့နေ ဦးကိုနီက ဗွီအိုအေကို ပြောပါတယ်။
စွတ်စွဲခံရသူ မချောစန္ဒီဟာ မအူပင် နည်းပညာတက္ကသိုလ်က ဘွဲ့ရရှိခဲ့သူဖြစ်ပြီး၊ မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖဝါရီလက အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းမှာ ပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။