သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံချောင်းမြို့နယ် မြေနုကျွန်း ပိုင်ဆိုင်မှုရန်ပွဲ တိုင်းအစိုးရ စုံစမ်းမည်


မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်မိုးညို (သတင်းဓါတ်ပုံ - မကွေးတိုင်း ဒေသကြီး အစိုးရ website)
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်မိုးညို (သတင်းဓါတ်ပုံ - မကွေးတိုင်း ဒေသကြီး အစိုးရ website)

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်း ပိုင်ဆိုင်မှုအတွက် ခိုက်ရန်ဖြစ်ရာက လူအများအပြား သေဆုံးခဲ့ရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးပြီး ရေရှည်ပြေလည်အောင် ဖြေရှင်းမယ့်အကြောင်း တိုင်းဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေက ကတိပြု ပြောဆိုလိုက်ကြပါတယ်။ ပြဿနာဖြစ်ပွားပြီး ၃ ရက်အကြာ ဒီကနေ့မှာပဲ မကွေးတိုင်း ဝန်ကြီးချုပ် ဦးဆောင်ပြီး ကျင်းပတဲ့ အရေးပေါ် သတင်းစာရှင်းလင်းပွဲအတွင်း ဒေသခံအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ရေနံချောင်းမြို့နယ်က ရွာ နှစ် ရွာကြား မြေပိုင်ဆိုင်မှု အငြင်းပွား ခိုက်ရန်ဖြစ်ပွားခဲ့ရာက လူ ၂၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ကျော် ပျောက်ဆုံးနေတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ့်အကြောင်း တိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ကြတာပါ။ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့အတွက် မြေတိုင်းတာမှုတွေကိုလည်း အမြန်ဆုံးပြန်လုပ်သွားမယ်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဦးဆောင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ဗွီအိုအေကို ပြောပါတယ်။

“အခုအခင်းဖြစ်တဲ့ နှစ်ရွာမှာတော့ ရဲကင်းရဲစခန်းလေး ချထားဖို့ ရဲကင်းရဲစခန်း မချသေးနိုင်ခင်လည်း လုံခြုံရေး ချထားဖို့ ဆောက်ရွက်ဖို့ရှိပါတယ်။ တဘက်ကလည်း ရေကျတဲ့အချိန်မှာဒါကို အမှန်ကန်ဆုံးဖြစ်အောင် နှစ်ဘက်နယ်နမိတ်အငြင်းပွားတဲ့နေရာကို တိုင်းတာနိုင်ဖို့ တိုင်းအဆင့်နဲ့ဆောင်ရွက် နိုင်ဖို့သူတို့ဆွေးနွေးပါတယ်။ နောက်တခုကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးပေါ့ ဝန်ကြီး နှစ် ပါး ဦးစီးတဲ့ စုံစမ်းစစ်ရေးအဖွဲ့ ဖွဲ့မယ်လို့ သိရပါတယ်ခင်ဗျ။”

မနှစ်ကလည်းသက်ဆိုင်ရာ အာဏာပိုင်တွေက နယ်မြေတိုင်းတာဖို့လုပ်ခဲ့ပေမဲ့ ရွာ နှစ် ရွာလုံးက လက်မခံကြကြောင်း ရေနံချောင်းမြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီကိစ္စကို ၂၀၁၈ တုန်းက တခါပေါ့နော် တိုင်းတာမယ်ဆိုပြီး လုပ်ကြတယ်။ လုပ်ကြတဲ့အခါမှာ နှစ်ဘက်ကဒါကိုတိုင်းတာရင် ဒါကမမှန်ကန်ဘူးလို့ ယူဆပြီးတော့ မတိုင်းတာပါနဲ့လို့သူတို့က ကန့်ကွက်လိုက်ကြတာ။ ကန့်ကွက်လိုက်ကြပြီးတော့ အခု တနှစ်ရှိလာတဲ့အခါမှာ ကန်သာကျွန်းကလည်း ကမ်းပါးပြိုပြီးတော့ ထပ်ဆောက်ပြန်ရင်းနဲ့ ဒါတွေကပြဿနာကြီးလာတာပဲဗျ။”

အငြင်းပွားတဲ့မြေနေရာဟာ ၂၀၀၃ ကတည်းက ဖရဲကျွန်းပိုင်နေရာအဖြစ်နဲ့ ကျောင်းဆောက်ဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တောင်ယာစိုက်ပျိုးခွင့် ချပေးထားတာလို့ ဖရဲကျွန်း ဒေသခံတွေကပြောပါတယ်။ ၂၀၁၈၊ ၉လပိုင်းမှာ ကန်သာယာကျေးရွာဘက်ကအဲဒီမြေပေါ်မှာ အိမ်တလုံးစဆောက်ပါတယ်။ ဒါကိုသက်ဆိုင်ရာကိုပြောခဲ့ပေမဲ့ တဖြည်းဖြည်းအိမ်ခြေအများလာတဲ့အထိ မဖြေရှင်းတဲ့အတွက် အခုလိုပြဿနာတွေဖြစ်ရတာလို့ ဖရဲကျွန်းဒေသခံ ကိုထွန်းထွန်းဝင်းကပြောပါတယ်။

“ဒီကြားထဲမှာလည်း မြို့နယ်ကို ကျနော်တို့ အကြိမ်ကြိမ်ခေါ်ယူ တွေ့ဆုံတယ် ဥပဒေအကြောင်းအရကျနော်တို့တင်ပြခဲ့တာဟာ တနှစ်နီးပါးရှိပြီပေါ့။ ပြောချင်တာက ဒီလိုပြဿနာတွေဖြစ်လာတာက မြို့နယ်အဆင့် ခရိုင်အဆင့်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက တိကျပြတ်သားတဲ့ဆုံးဖြတ်ချက် မချခဲ့လို့ဒီလို ၃၈ ယောက်သေရတဲ့အဖြစ်မျိုး ဖြစ်သွားတာပေါ့။”

သူတို့စိုက်ပျိုးမြေကနေ ဖယ်ပေးဖို့ ဖရဲကျွန်းဒေသခံအယောက် ၈၀ ကျော်လောက်က ကန်သာယာကျေးရွာဘက်ကို ဇူလိုင် ၂၃ ရက်မှာသွားပြောခဲ့ပြီး အပြန်မှာ လက်နက်ကိုင်ထားတဲ့ ကန်သာယာရွာသား အယောက် ၁၀၀ ကျော်ရဲ့ တိုက်ခိုက်တာခံရတာလို့ ဒီအဓိကရုန်းကနေ ရေကူးပြီးလွတ်မြောက်ခဲ့တဲ့ ဖရဲကျွန်းဒေသခံ ဦးသန်းဦးက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ကျနော်တို့ ရွာသားတယောက် ကျန်နေခဲ့တဲ့အချိန်မှာ လူသုံးယောက်အဲဒီကလေးကို ဝိုင်းခုတ်သတ်ပစ်ကြပါတယ် ကျနော်တို့မျက်စိအောက်မှာတင်။ သူတို့က အုပ်ချုပ်ရေးမှူး ကိုသန်းဦးကိုယ်တိုင် ထိုးစစ်ဆင်လာပြီးတော့ သုံးဖွဲ့တန်းပြီးတိုက်တဲ့အခါမှာ ကျနော်တို့က နောက်ဆုတ်စရာရေပဲကျန်ပါ တော့တယ်။ လက်နက်မျိုးစုံနဲ့ ကျနော်တို့ကို ပစ်တဲ့အချိန်မှာ အမျိုးသမီးတွေကကြောက်ပြီးတော့ မော်တော်ကိုပြေးကြတာ။ မော်တော်နားကသူတွေကို လက်ပေါ်တဲ့သူလက်ခုတ် ခေါင်းပေါ်တဲ့သူခေါင်းရိုက်။ ရဲမော်တော်က ဗွီဒီယိုလာရိုက်ပြီးတော့ ကြည့်ပါတယ်။ ခင်ဗျားတို့ ရေလယ်ခေါင်ကနေ သေနတ်လေး တချက်ဖောက်ပြီးတော့ တားလိုက်ပါ ဟန့်လိုက်ပါ အဲလိုတားလိုက်ရင် ကျနော်တို့ လူအသေအပျောက်အခုလောက်မများနိုင်ပါဘူး။ ဆယ်မယ်ဆိုရင်လည်း အချိန်မီ ဒီလူတွေက မသေနိုင်ပါဘူး။”

၂၀၀၃ (လွန်ခဲ့တဲ့ ၁၅နှစ်) တုန်းကလည်း ဒီနှစ်ရွာကြားမှာ အလားတူ ပြဿနာဖြစ်ခဲ့ပြီး အခုတခေါက်မှာတော့ သေဆုံး ဒဏ်ရာရတဲ့အခြေအနေထိ ဖြစ်လာတာပါ။

XS
SM
MD
LG