သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးသေဆုံးတဲ့ ပစ်ခတ်မှုကြောင့် ဒင်ဗာမြို့မှာ မြန်မာတွေလုံခြုံရေးစိုးရိမ်


ဒန်ဗာမြို့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ မြန်မာနွယ်ဖွား မခိုင်
ဒန်ဗာမြို့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ မြန်မာနွယ်ဖွား မခိုင်

အမေရိကန်မှာ သေနတ်ကိုင် အကြမ်းဖက်မှုတွေ ထိန်းချုပ်ရေး တောင်းဆိုသံတွေ ထွက်ပေါ်နေချိန်မှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှာ မြန်မာအမေရိကန် အမျိုးသမီးတဦး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စုံစမ်းနေဆဲ ဖြစ်ပြီး၊ ဒေသခံ မြန်မာအသိုင်းအဝိုင်းကြား လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

ဇူလိုင်လ (၁၅) ရက်နေ့ညပိုင်းက ဒင်ဗာ အရှေ့ပိုင်း Hidden Brook Apartments အဆောက်အဦရှေ့ ပစ်ခတ်မှုဖြစ်ခဲ့ရာမှာ မိမိတိုက်ခန်းကို ပြန်လာတဲ့ မြန်မာနွယ်ဖွားအမျိုးသမီး မခိုင်ဟာ ကျည်ဆံတချို့ ထိမှန်သေဆုံးခဲ့ကြောင်း ဒန်ဗာ သတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။ မိခင်နဲ့အတူ အိမ်ပြန်လာချိန် တိုက်ခန်းအောက်မှာ မိခင်ကို ချပြီး ကားပါကင်မှာ သွားပြီးကားထားချိန်မိနစ်ပိုင်းအတွင်း အမေဖြစ်သူ သေနတ်ပစ်သတ်ခံလိုက်ရတဲ့ အကြောင်းအရင်းကို သူ့အနေနဲ့ မသိရသေးသလို၊ ရဲဘက်ကလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သားဖြစ်သူ အသက် (၂၁)အရွယ် ဆေးကျောင်းသား မောင်ကျော်လင်းဦးက ဗွီအိုအေကိုပြောပါတယ်။

သွေးအိုင်ထဲလဲကျနေတဲ့ မိခင်ဖြစ်သူကို ပွေ့ပိုက်ထားချိန်မှာ အရေးပေါ်911 ကို သူ့ကိုယ်တိုင်ရောညီမဖြစ်သူပါ အကြိမ်ပေါင်းများစွာ ခေါ်ဆိုခဲ့ပေမယ့် မရခဲ့ဘူးလို့ သူက အခုလိုဆက်ပြောပါတယ်။

”ကျနော်နဲ့ ကျနော့်ညီမ ဖုန်းခေါ်တာကို သူ့တို့ မတုံ့ပြန်ပဲ ဖုန်းချခဲ့ကြပါတယ်။ ကျနော့် ညီမလည်း ထပ်ခေါ်ပါတယ်။ အဲဒါကို ခေါ်ဆိုတဲ့ဌာန မှားနေတယ်ဆိုပြီး အခြားဌာနကို ဖုန်းလွဲှပေးပါတယ်။ တခါ အဲဒီဌာနကလည်း အခြားဌာနတခုကို ဖုန်းလွဲှလိုက်တယ်။ အခြားမြန်မာတွေရော၊ တိုက်ခန်းက သူတွေလည်း ဖုန်းခေါ်ခဲ့ကြပေမယ့် သူတို့က ဖုန်းကို ချပစ်ခဲ့ပါတယ်။"

အရေးပေါ်ကယ်ဆယ်ရေးကားတွေ နောက်ဆုံးမှာရောက်လာပေမယ့် အချိန်အတော်ကြာစောင့်ခဲ့ရတယ်လို့လည်း သားဖြစ်သူက ပြောပါတယ်။ အခုလို 911 ကို ဖုန်းခေါ်ဆိုလို့မရဖြစ်ခဲ့တဲ့ ကိစ္စကိုတော့ စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ရဲဘက်တာဝန်ရှိသူတွေက ဒင်ဗာသတင်းမီဒီယာကို တုံ့ပြန်ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့သောကြာညဘက်က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒင်ဗာရဲတပ်ဖွဲ့ဘက်က အချက်အလက်အနည်းငယ်ပဲ ထုတ်ပြန်ခဲ့ပေမယ့် ပတ်ဝန်းကျင်မှာနေထိုင်သူတွေပြောပြချက်အရ မခိုင်ဟာ မရည်ရွယ်ပဲ မှားတဲ့အချိန်မှားတဲ့နေရာမှာ ရောက်သွားခဲ့တယ်လို့ ပြောဆိုကြောင်း CBS4 ရုပ်သံသတင်းဌာနမှဖေါ်ပြထားပါတယ်။
မခိုင်ဟာ ဒန်ဗာမြို့က မြန်မာစားသောက်ဆိုင်ပိုင်ရှင်တဦးဖြစ်ပြီး သူနဲ့ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ ရင်းနှီးခဲ့ပြီး လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ မြန်မာကုန်စုံဆိုင်ပိုင်ရှင်တဦးကတော့ မခိုင် သေနတ်နဲ့ ပစ်သတ်ခံရမှုမှာ အမျိုးမျိုးခန့်မှန်းပြောဆိုနေကြတယ်လို့ ဗွီအိုအေကို ပြောပါတယ်။


အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ ဒုက္ခသည်တွေ နေဖို့ပေးထားတဲ့ ဒန်ဗာမြို့က Hidden Brook Apartments အဆောက်အအုံ တချို့မှာ နေထိုင်သူတွေအတွက် အသက်လုံခြုံရေးပါ စိုးရိမ်နေရတဲ့အခြေအနေကို မခိုင် ပစ်သတ်ခံရမှုက မီးမှောင်းထိုးပြနေတယ်လို့လည်း အဲဒီကုန်စုံဆိုင်ပိုင်ရှင်ကပြောပါတယ်။ အခုလို မိခင်ဖြစ်သူ ကို ဘယ်သူဘယ်ဝါတွေမှန်းမသိ သေနတ်နဲ့ ပစ်သတ်သွားတဲ့အပေါ်မှာ အတော်လေးဝမ်းနည်းကြေကွဲရသလိုမျိုး အခြားလူငယ်တွေမကြုံရစေဖို့ ဆုတောင်းမိကြောင်း သားဖြစ်သူ မောင်ကျော်လင်းဦးက အခုလို ပြောပါတယ်။


"ကျနော် တခုပဲပြောချင်ပါတယ်။ သူတို့တွေအနေနဲ့ သူတို့မိခင်အလောင်းကို ကိုင်ထားပြီး သူတို့ရှေ့မှာတင် အသက်ထွက်သွားတဲ့အဖြစ်မျိုးကို ဘယ်တော့မှ မမြင်ရပါစေနဲ့လို့ ကျနော်မျှော်လင့်ပါတယ်။ အခုကျနော်ကြုံတွေ့ ခံစားဖြတ်သန်းနေရသလိုမျိုး သူတို့ ဘယ်အခါမှ မဖြတ်သန်းရဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်နာကျင်ငိုကြွေးနေရသလိုမျိုး သူတို့လည်း နာကျင်ငိုမကြွေးရဖို့ မျှော်လင့်ပါတယ်။ ဒီလူငယ်တွေအနေနဲ့ အခြားသူတွေရဲ့ အသက်တွေကို မသတ်ကြဖို့ပဲ ကျနော် မျှော်လင့်မိပါတယ်။"

မခိုင်ဟာ အပြစ်မဲ့သူတဦးဖြစ်ပြီး ဒင်ဗာရောက် မြန်မာဒုက္ခသည်အသိုင်းအဝိုင်းကြားမှာ ကူညီတတ်သူ၊ ကြင်နာသနားစိတ်ရှိသူအဖြစ် အများက ချစ်ခင်ကြတဲ့အတွက် အခုလို ပစ်သတ်ခံရတဲ့အပေါ်မှာ ဝမ်းနည်းတုန်လှုပ်မိကြတယ်လို့လည်း ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။

လူချစ်လူခင်များတဲ့ မခိုင်ရဲ့ ဈာပနအခမ်းအနားအတွက် ထည့်ဝင်လှူဒါန်းကြသူအတော်များကြောင်းလည်း သူကပြောပါတယ်။ အသက် (၄၀)ကျော် အရွယ် မခိုင်ဟာ သေဆုံးချိန်မှာ ခင်ပွန်း၊ သား သုံးဦးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။ အခမ်းအနားကိုတော့ ဗုဒ္ဓဟူးနေ့ ဒင်ဗာစံတော်ချိန်ညနေ (၅)နာရီကနေ (၇)နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

------------------------













XS
SM
MD
LG