သုံးရလွယ်ကူစေသည့် Link များ

အစာငတ်ခံ ဆန္ဒပြမှုကြောင့် မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ


အစာငတ်ခံ ဆန္ဒပြမှုကြောင့် မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ
အစာငတ်ခံ ဆန္ဒပြမှုကြောင့် မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ

သရက်ထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဝင်စာ သွားအတွေ့မှာ ထောင်အာဏာပိုင်တွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဘာကြောင့် အစာငတ်ခံ ဆန္ဒပြသလဲဆိုတဲ့ အကြောင်းကိုတော့ မသိခဲ့ရဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့က မနီလာသိန်းရဲ့ ယောင်းမတော်စပ်သူ မသန္တာယုနဲ့အတူ ၃ နှစ်အရွယ် မနီလာသိန်းရဲ့ သမီးငယ်တို့ သရက်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တော့ တွေ့ခွင့်မရ ဖြစ်ခဲ့ကြတာပါ။ သမီးငယ်လေး ပါတဲ့အတွက် ခေတ္တခဏ မိခင်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့လည်း အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့သလို ယူသွားတဲ့ အစားအစာတွေသာ ပေးထားခဲ့ရပြီး ဘာကြောင့် မနီလာသိန်း ထောင်တွင်းမှာ ဆန္ဒပြနေလဲ ဆိုတာ မေးမြန်းလို့ မရခဲ့ဘူးလို့ မသန္တာယုက ပြောပါတယ်။

“ကျနော်တို့သွားတော့ ထောင်ဝင်စာ ပိတ်တယ်တဲ့၊ အစာငတ်ခံ ဆန္ဒပြလို့တဲ့၊ အဲဒီလိုပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားမစားဘူးပေါ့၊ အစာငတ်ခံ ဆန္ဒပြလို့ ပိတ်တယ်ပေါ့။ စားသောက်ဖို့ ယူသွားတဲ့ ပစ္စည်းတွေတော့ ပေးခဲ့ရတယ်။ လူတွေ့ခွင့် မရဘူး။ ကျနော်တို့က ကလေးလေးပါနေလို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ပေးတွေ့ပါဆိုတာ ဘယ်လိုမှ မရဘူး။ ကလေးနဲ့သွားတော့ မလွယ်ဘူးပေါ့။ အများအားဖြင့်တော့ ကျနော်တို့က ၂ လတခါ ဆိုပေမဲ့ တော်ရုံတန်ရုံတော့ မသွားဖြစ်ဘူးပေါ့။ အခု ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက တခေါက်သွားထားတယ်။ ဒီဇင်ဘာက အခုလို ဖြစ်နေတယ်ဆိုတော့ အဆင်မပြေခဲ့ဘူးပေါ့။”

မနီလာသိန်းဟာ မျက်စိအတွက်နဲ့အတူ အမျိုးသမီးရောဂါတခု အတွက် ပုံမှန်ဆေးဝါးတွေ သောက်သုံးနေရသူ ဖြစ်တာမို့ မိသားစုတွေ အနေနဲ့ အခုလို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့အပေါ် ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

“မျက်လုံးက မျက်သားတက်နေတာ၊ အဲဒါရှိတယ်၊ ပြီးတော့ အမျိုးသမီးရောဂါ ဖြစ်နေတယ်။ အမျိုးသမီးရောဂါ ဖြစ်တယ်ဆိုတော့ စိတ်ပူတယ်လေ။ အဲဒါတော့ ဆရာဝန်နဲ့ စောစောပြရင် ကောင်းတာပဲ။ အခုတော့ ဘာတွေမှန်း မသိဘူး ရောဂါတွေက အစုံဖြစ်နေတော့၊ ကိုယ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်မှာ ကြောက်တာလေ။ ပြီးခဲ့တဲ့လတုန်းကတော့ ဆေးပို့လိုက်တယ်။ တခြားတော့ ဘာမှ မလုပ်ရသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့။”

မနီလာသိန်းကို ထောင်ဝင်စာ ပုံမှန်သွားတွေ့နေတဲ့ ယောင်းမတော်စပ်သူ မသန္တာယု ပြောပြခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ ၂၀၀၇ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် သြဂုတ်လထဲ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချကာ သရက်ထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ အဲဒီအချိန်က ခင်ပွန်း ကိုဂျင်မီဟာလည်း နှစ်ရည်ထောင်ဒဏ်နဲ့ပဲ တောင်ကြီးထောင်ကို အပို့ခံရတဲ့ အချိန်မှာ သူတို့ ၂ ယောက်ရဲ့ သမီးကလေးဟာ ၄ လသား အရွယ်နဲ့ပဲ ကျန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ လတ်တလော အတွင်းမှာကိုပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို ထောင်တွေ နေရာအမျိုးမျိုး ရွှေ့ပြောင်းမှုတွေ ကြုံနေရတယ်လို့ AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“ပြီးခဲ့တဲ့လက ဦးအုန်းသန်းဆိုရင် ခန္တီးထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မြစ်ကြီးနား၊ မြစ်ကြီးနားကနေ ပူတာအို ပြောင်းတာရှိတယ်။ နောက်တခါ မစန္ဒာကို ပူတာအိုထောင် ပြောင်းသွားတာ ရှိတယ်။ နောက်တခါ ကိုထင်ကျော်ကို ပြောင်းသွားတာ ရှိတယ်။ အဲဒီလိုမျိုး ထောင်လှည့်တဲ့ ပုံစံမျိုးနဲ့ တထောင်ပြီးတထောင် လိုက်ပြောင်းနေတဲ့ အခြေအနေမျိုး ရှိပါတယ်။

“အဲဒါက တကယ်ကို ညှဉ်းပန်းနှိပ်စက်မှု တခုလို့ပဲ ကျနော်တို့ မြင်တယ်။ သူတို့သာမက အိမ်တွေက မိသားစုတွေပါ အတိဒုက္ခရောက်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်တခါ ဖျာပုံထောင်မှာဆိုရင် ဦးရွှေမောင်က အခု ဒုတိယအကြိမ် မျက်စိကုသမှု ခံယူရတယ်။ မျက်စိ ပြန်ကောင်းလာဖို့အတွက် အခြေအနေ မကောင်းဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါတွေက ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။”

AAPPB အဖွဲ့က ကိုတိတ်နိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ မြစ်ကြီးနားထောင်က နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ဆိုရင်လည်း သူ့ကို ထောင်ဝင်စာ ပုံမှန် သွားတွေ့နေတဲ့ ခယ်မဖြစ်သူကို တွေ့ဆုံခွင့် မပေးတော့ဘဲ နယ်မြေရပ်ခြားကို ရောက်နေတဲ့ မိသားစုဝင်တွေကိုပဲ ထောင်ဝင်စာ တွေ့ခွင့်ပေးမယ်လို့ အာဏာပိုင်တွေက သတ်မှတ်လိုက်တာမို့ လွန်ခဲ့တဲ့ ၇ လကျော်လောက်ကတည်းက အစားအစာတွေကို လူကြုံနဲ့သာ ပို့နေရတဲ့ အခြေအနေမျိုးတွေလည်း ကြုံနေရပါတယ်။

XS
SM
MD
LG