သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသ ဗုဒ္ဓဓမ္မ ပရဟိတအဖွဲ့ ညီလာခံကျင်းပ


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)နှစ်ပတ်လည်စုံညီ တွေ့ဆုံပွဲ ရန်ကုန် အင်းစိန်ရွာမကျောင်းတိုက်မှာ ကျင်းပနေစဉ် (မေလ ၂၆-၂၇၊ ၂၀၁၈) ဓါတ်ပုံ- ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း Online Media
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)နှစ်ပတ်လည်စုံညီ တွေ့ဆုံပွဲ ရန်ကုန် အင်းစိန်ရွာမကျောင်းတိုက်မှာ ကျင်းပနေစဉ် (မေလ ၂၆-၂၇၊ ၂၀၁၈) ဓါတ်ပုံ- ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း Online Media

သံဃာ့မဟာနာယကအဖွဲ့ကြီးက မဘသ အဖွဲ့ရဲ့လှုပ်ရှားမှုနဲ့ အမည်ကို ပိတ်ပင်တားမြစ်ထားပေမယ့် မဘသရဲ့ လုပ်ငန်းတွေကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖြစ် ဆက်လက် လှုပ်ရှားသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ အင်းစိန် အောင်ဆန်းတောရတပ်ဦး ကျောင်းမှာ မေလ ၂၆-၂၇ ရက်ထိ ကျင်းပပြီးစီးတဲ့ အဖွဲ့ရဲ့နှစ်ပတ်လည် ညီလာခံမှာ ဦးဆောင်သံဃာတော်တွေက မိန့်ကြားခဲ့ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက်တွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး ၊ မြန်မာတပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို အပြည့်အဝထောက်ခံကြောင်းလည်း ညီလာခံရဲ့ ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံဆက်လက်တင်ဆက်မှာပါ။

လွန်ခဲ့တဲ့ ၅ နှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ မဘသဆိုတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖြစ် နာမည်ပြောင်းခဲ့ကြောင်း နှစ်ရက်တာ ကျင်းပတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ရဲ့ နှစ်ပတ်လည်ညီလာခံမှာ အဖွဲ့ဥက္ကဌ ဆရာတော် အင်းစိန်ရွာမဆရာတော် အရှင် တိလောက ဘိဝံသ ကနေ အဖွင့်မိန့်ခွန်းမှာ အခုလို မိန့်ကြားခဲ့ပါတယ်။

"အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး မူရင်းကတော့ ၅ နှစ်ပြည့်သွားပါပြီ ။ အဲဒီတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ကို အတိုကောက် မဘသလို့ ခေါ်ခဲ့တာကို တဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက မဘသ ကို မသုံးပါနဲ့လို့ ပြောတဲ့အခါမှာ အရာခပ်သိမ်းမှာ ဆန့်ကျင်ဘက်မဖြစ်တာ သဘောမျိုးနဲ့ တပည့်တော်တို့ မဘသ ဆိုတဲ့နာမည် မသုံးပဲထားလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် မဘသ ဆိုတဲ့ နာမည်နဲ့ပဲသုံးသုံး၊ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုတဲ့ နာမည်ပဲ သုံးသုံး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိပါဘူး။"

၂၀၁၇ ခုနှစ် ဇူလိုင်လက သံဃာ့မဟာနာယက အဖွဲ့ကြီးကနေ နိုင်ငံတဝှမ်းမှာရှိတဲ့ မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့အပါအဝင် မဘသ အဖွဲ့ဖျက်သိမ်းဖို့ ညွန်ကြားခဲ့ပြီး မလိုက်နာပါက အာဏာစက်နဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း ကြေညာခဲ့တာပါ။ ဒါပေမယ့်လည်း ကရင်ပြည်နယ်မှာတော့ မဟာနာယကအဖွဲ့ဲရဲ့ညွှန်ကြားချက်ကို မလိုက်နာပဲ အခုချိန်ထိ မဘသ ဆိုင်းဘုတ်ကို ဆက်လက်အသုံးပြုနေကြောင်းအမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်ဒုဥက္ကဌ ဇွဲကပင်ဆရာတော် က မိန့်ကြားခဲ့ပါတယ်။

“ကရင်ပြည်နယ်မှာတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး "မဘသ" ဒီနာမည်ကို လုံးဝမပြောင်းဘူး။"

၂ ရက်တာ ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းညီလာခံရဲ့ ကြေညာချက်မှာလည်း Religions for Peace (RfP) အဖွဲ့ရဲ့ နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဆောင်ရွက်ချက်တွေကို ရှုတ်ချထားသလို၊ ရခိုင်ပြည်နယ်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာစစ်တပ်က တာဝန်ရှိသူတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ရေးကြိုပမ်းချက်တွေအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။

ဒီကြေညာချက်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းအလယ်မှာ ဗုဒ္ဓသာသနာကို ညှိုနွမ်းစေတယ်လို့ မြင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံဟောင်း အရှင်ဇဝနက မိန့်ကြားပါတယ်။

“စစ်တပ်ကိုတော့ ဘယ်လိုနည်းနဲ့မှ မထိလာနဲ့ ၊ သူတို့ရပ်တည်ချက်အတိုင်းပဲ၊ ကြံကြံခံပြီးတော့ သူတို့ ရဲ့ ကြောထောက်နောက်ခံအဖွဲ့ကို သူတို့ကလည်း အမာခံအနေနဲ့ ရပ်တည်ပြလိုက်တယ်လို့ပဲ ဦးဇင်း မြင်တယ်။ အခုဥစ္စာဟာက လူအများနှာခေါင်းရှုံ့စရာအဖြစ် ကမ္ဘာကြီးကနေ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ မေတ္တာ၊ ဂရုဏာကို ရှေ့ထားပြီးတော့ လူသားအားလုံးနဲ့ သဟဇာတာဖြစ်တဲ့ ဘာသာရေး လို့ တကမ္ဘာလုံးက လက်ခံထားတဲ့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဟာ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ဘယ်သူမှနဲ့ မတည့်တဲ့ဘာသာရေး လို့ ကိုယ့်ဘာသာကို သိက္ခာချသလိုဖြစ်တယ်လို့ မြင်ပါတယ်။"

မဘသ လှုပ်ရှားမှုကို မဟာနာယကဆရာတော်ကြီးတွေ ပိတ်ပင်တားမြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းမှာ လူမျိုး၊ ဘာသာ ခွဲခြားမှုပေါ်အခြေခံတဲ့ အမုန်းတရားတွေဟောပြောတာ၊ အဓိကရုန်းဆူပူမှုတွေ ဖြစ်စေတာ စတဲ့ဆောင်ရွက်မှုတွေအပြင် သံဃာထုညီညွတ်မှုကို ပြိုကွဲစေတာကြောင့် ဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ကျင်းပခဲ့တဲ့ မဘသ ညီလာခံကိုတိုင်းနဲ့ ပြည်နယ်အနှံက သံဃာတော်အပါး ရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံကို အမုန်းစကားတွေဖြန့်ဝေနေတယ်ဆိုပြီး ဖေ့စ်ဘုတ်ခ်အကောင့် အပိတ်ခံထားရတဲ့ အရှင်ဝီရသူလည်း တက်ရောက်ပြီး အွန်လိုင်းမှာရှိတဲ့ အမျိုးသားရေးအကောင့်တွေ အပိတ်ခံနေရတာဟာ စနစ်တကျ အတိုက်ခံနေရတာဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG