သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ဝန်ကြီးချူပ် ယာဉ်တန်း တိုက်ခိုက်ခံရ


မန္တလေး
မန္တလေး
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ ဇန်နဝါရီလ ၃၁ ရက်၊ ညနေပိုင်းက မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အခုချိန်ထိ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှု ခံယူနေရပြီးတော့ ကျန်နှစ်ဦး ကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ဆေးရုံက ဆင်းသွားပြီလို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံ၊ ပြင်ပလူနာကုဌာန တာဝန်ကျ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

"သုံးယောက်လာတာ။ နှစ်ယောက်ကတော့ အိုဗီဒီ နဲ့ပြန်သွားပြီရှင့်။ တစ်ယောက်ကတော့ ဆေးရုံမှာတင်ထားတယ်။ ထိခိုက်ဒဏ်ရာ ကုဌာနမှာ။ ကောင်းပါတယ်ရှင့်။"

မေး။ ။ ဟုတ်ကဲ့။ အဲ့ဒီ့တစ်ယောက်ကရော ဘယ်လိုဒဏ်ရာမျိုးများရပြီး အခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျာ။

" သူက လက်ကိုရှပ်မှန်တယ်လို့ပြောတာပဲ။ လက်ဖမိုးမှာလေ။ အဲ့တာမနေ့ညက ဆယ်နာရီလောက်က ခွဲခန်းဝင်ပြီးတော့ကျ ခွဲခန်းကထွက်တော့ အခြေအနေကောင်းတယ်။ မစိုးရိမ်ရဘူး။ ကောင်းတယ်။ "

မေး။ ။ အဲ့တာက သတင်းထောက်လို့သိရပါတယ်။ အဲ့တာဟုတ်ပါသလားခင်ဗျာ။

" သတင်းထောက်ချုပ်၊ ဟုတ်။"

မေး။ ။ အဲ့တာ ဘယ်တိုက်ကဆိုတာများ သိရပါသလား ဆရာမ။

"အဲ့တာကျတော့ မသိဘူးရှင့်။ သတင်းထောက်ချုပ်ပဲ သိတယ်။"

မန္တလေးပြည်သူ့ဆေးရုံ ပြင်ပလူနာကုဌာနကို ကိုကျော်ကျော်သိန်း ဆက်သွယ် မေးမြန်းခဲ့တာပါ။

အခုလို တိုက်ခိုက်ခံရတာဟာဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ဒေသဆိုင်ရာဝန်ကြီးချုပ် တစ်ဦးရဲ့ယာဉ်တန်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို သိရဖို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် လုပ်လို့မရခဲ့ သလို မန္တလေးတိုင်းအစိုးရအဖွဲ့ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
XS
SM
MD
LG