သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည်


ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းဒေသခံတွေက မိရိုးဖလာ လယ်လုပ်ငန်းနဲ့ ငါးဖမ်းကွက်တွေအတွက် သူတို့ရဲ့ရပိုင်ခွင့်ကို ဆက်တောင်းဆိုနေတဲ့အတွက် ခံဝန်ကတိနဲ့ ပြန်လွှတ်ထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေဘက်က တရားရုံးတင်လိုက်ပြီဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့မှာ တရားစွဲဆို အမှုစစ်မှာဖြစ်တဲ့အတွက် ဆန္ဒပြခဲ့ကြတာ ရွာလုံးကျွတ်ဖြစ်လို့ တရွာလုံးက အဖမ်းခံဖို့ ဆုံးဖြတ်ထားတယ်လို့လည်း မဒေးကျွန်းဒေသခံတွေကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီးတော့ သွယ်ဖောက်တဲ့ ရွှေသဘာဝဓာတ်ငွေ့၊ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ မဒေးကျွန်းဒေသခံတွေက တရုတ်ကုမ္ပဏီရုံးရှေ့မှာ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူလို့ ယူဆရတဲ့ မဒေးကျွန်းရွာသူရွာသား ၁၀ ဦးကို အာဏာပိုင်တွေက တရားစွဲဆိုပြီးတော့ လာပြီးတော့ အမှုရင်ဆိုင်ဖို့ လာမယ့်တနင်္လာနေ့ကို ရုံးချိန်း သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲ ဦးဆောင်သူလို့ ယူဆရသူ ဒေသခံတွေကို မဒေးကျွန်းရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးတော့ တာဝန်ခံရဲမှူးက ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်ပြီး လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မဒေးကျွန်း ဒေသခံတွေအနေနဲ့ မိမိတို့ရဲ့ နစ်နာဆုံးရူံးမှုတွေအတွက် ဆက်ပြီးတော့ တောင်းဆိုနေတဲ့ အတွက် အာဏာပိုင်တွေဘက်က တရားရုံးတင်ပြီး အမှုစွဲဆိုတော့မှာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ ဦးထွန်းနိုင်က ပြောပါတယ်။

“လာမယ့်တနင်္လာနေ့မှာ သူတို့ကို ရုံးချိန်းထားတယ်လို့ပြောတယ်။ သူတို့ကိုယ်တိုင်မှပဲ ဘယ်ပုဒ်မနဲ့ သူတို့ကို ရုံးတင်တယ်ဆိုတာ သိရလိမ့်မယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တင်တာဖြစ်လိမ့်မယ်လို့ထင်တယ်။ ကြိုတင်ခွင့်ပြုချက်ကတော့ တောင်းတာပေါ့။ ကြိုတင်ခွင့်ပြုချက်က မြို့နယ်မှာတောင်းတယ်။ မြို့နယ်က ပယ်ချတော့ ပြည်နယ်မှာတခါ တောင်းတယ်။ ပြည်နယ်က ပယ်ချတယ်။ အဲဒီလို ပယ်ချတယ်။ သူတို့ခွင့်ပြုချက်မတောင်းတာတော့ မဟုတ်ဘူး။ တောင်းတယ်။ ပယ်ချတယ်။ ခွင့်မပြုဘူးပေါ့။ ခွင့်မပြုဘဲနဲ့ ဆန္ဒပြတယ်ဆိုတော့ အစိုးရမှာသတ်မှတ်ထားတဲ့ ပုဒ်မနဲ့သွားပြီး ညှိတာပေါ့။

“ဒီ ဆန္ဒပြတယ်ဆိုတာ သူတို့ ၁၀ ယောက်တည်းပြတာမဟုတ်ဘူး။ အကုန်လုံး ရွာကလူတွေ အကုန်လုံးပြတဲ့အတွက် အရေးယူမယ်ဆိုရင် တရွာလုံးကို အရေးယူဖို့အတွက်၊ လူ ၅၀၀ လောက်ကို အရေးယူဖို့အတွက် တောင်းဆိုပွဲ လုပ်နေကြတယ်။”

မဒေးကျွန်းပေါ်က တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့်ဖြစ်လာတဲ့ နစ်နာဆုံးရူံးမှုတွေ အတွက် မဒေးကျွန်း တရွာလုံးအတိုင်းအတာနဲ့ ဆက်ပြီးတော့ ဆန္ဒပြတောင်းဆိုသွားဖို့ ရွာသူရွာသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီရေနံပိုက်လိုင်းစီမံကိန်းကြောင့် မဒေးကျွန်းပေါ်က ဒေသခံတွေရဲ့ လယ်ယာဥယျာဉ်မြေတွေ အသိမ်းခံခဲ့ရတဲ့အပြင် မဒေးကျွန်းဒေသခံတွေရဲ့ မိရိုးဖလာ ငါးဖမ်းတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဆန္ဒပြခွင့် တရားဝင်ရဖို့ သက်ဆိုင်ရာကို ခွင့်တောင်းခဲ့ပေမဲ့ ခွင့်ပြုမိန့် မရခဲ့တဲ့အတွက် ရာချီတဲ့ မဒေးကျွန်းဒေသခံတွေစုဝေးပြီး ဒေသခံတွေရဲ့လိုလားချက်တွေ နစ်နာဆုံးရှုံးမှုတွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဦးထွန်းနိုင်က ဆိုပါတယ်။

“ဆုံးရှုံးသွားတဲ့လယ်တွေကတော့ ဆုံးရှုံးသွားပြီလေ။ မတတ်နိုင်တော့ဘူး။ နောက်တခါ လျော်ကြေးမရတဲ့နေရာတွေကလည်း ရှိနေတယ်။ ဒါတွေအတွက်ကော သူတို့လိုချင်တာ ရှိလိမ့်မယ်။ လယ်သမားတွေက သူတို့တောင်းဆိုထားတဲ့အထဲမှာ ပါတယ်၊ အဲဒီမဒေးကျွန်းရဲ့ တောင်ဘက်မှာ နောက်ထပ် နေရာအသစ် လယ်ကွက်အသစ်တွေ ထုတ်ပေးဖို့ သူတို့တောင်းဆိုထားတယ်။ သူတို့တောင်းဆိုတာက သူတို့အတွက် နစ်နာတာ အလွန်တရာများတဲ့အတွက် သူတို့က ဒါကို လူအများသိအောင်၊ အပေါ်ကနေသိအောင် လုပ်နေတာပဲဖြစ်တယ်။ ဒီလို အရေးယူဖို့တော့ မကောင်းပါဘူး။ သူတို့ခံနေရတာက တကယ့်ကို ခံနေရတာလေ။”

မဒေးကျွန်းတဝိုက် ရေနံတင်ဆိပ်ကမ်းအနီးတွင် ရေနံတင်သင်္ဘောကြီးတွေ ဝင်ထွက်သွားလာတဲ့အတွက် ကျွန်းတဝိုက် ပိုက်ချထားတဲ့ မဒေးကျွန်း ဒေသခံတွေရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီး နစ်နာဆုံးရှုံးခဲ့ရတယ်လို့ မဒေးကျွန်းဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မဒေးကျွန်းပတ်လည်မှာ မဒေးကျွန်းသူကျွန်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လွတ်လပ်စွာ ငါးဖမ်းခွင့်ပေးဖို့နဲ့ ရေနံတင်သင်္ဘောတွေကြောင့် ဒေသခံတွေရဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီးဆုံးရှုံးရမှုတွေကိုလည်း တာဝန်ယူပေးဖို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။

“တံငါ လုပ်ငန်းလုပ်နေတဲ့နေရာတွေမှာ သူတို့ သင်္ဘောကြီးတွေ ရောက်နေတယ်ဆိုတော့ ငါးတွေ ပိုက်တွေက အဲဒီလိုပဲ မျောထားခဲ့တာတွေက မျောထားလို့မရတော့ဘူး။ သူတို့ပိုက်နဲ့ညှိတာတို့ ဘာတို့ရှိတာကိုး။ ငါးဖမ်းကွက်တွေ မရှိတော့ဘူးဗျ။ နည်းသွားပြီပေါ့။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ ငါးတွေ ရှားလာတယ်။ အများဆုံးကတော့ သင်္ဘောကြီးတွေ ရှိတယ်။ ပိုက်ချတယ်ဆိုတာက အောက်မှာ မျောထားတာကိုး။ ငါးဖမ်းပိုက်တွေက အဲဒီပင်လယ် မမြင်ရတဲ့နေရာတွေမှာ အောက်မှာ မြှုပ်ထားတာတွေ ရှိတယ်။ အဲဒါတွေက သူတို့ သင်္ဘော ကျောက်ချလိုက်တယ် ဆိုတော့ ပါသွားတာပေါ့။ အဲဒါတော့ ရှိတယ်လေ။”

မဒေးကျွန်းဒေသခံတွေ အဓိက တောင်းဆိုခဲ့တဲ့အချက်တွေကတော့ စီမံကိန်း အတွက် မဒေးကျွန်းပေါ်က ဥယျာဉ်မြေနဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ခြံပိုင်ရှင်လယ်သမားတွေ နစ်နာဆုံးရှုံးမှုအတွက် လုံလောက်တဲ့ လျော်ကြေးရရှိရေးနဲ့ လယ်သမားတွေအတွက် လယ်လုပ်ကွက်အသစ် ဖော်ဆောင်ပေးရေးအပါအဝင်၊ မဒေးကျွန်းပတ်လည် စီမံကိန်းကြောင့် ပျက်စီးသွားရတဲ့ လမ်းတွေနဲ့ တာတမံကို ပြန်တည်ဆောက်ပေးရေး၊ မဒေးကျွန်းပေါ် လုံခြုံရေးတာဝန်ယူဖို့၊ မဒေးကျွန်းဒေသခံတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးစတာတွေကို မဒေးကျွန်းပတ်လည်က ရွာတွေ စုပေါင်းပြီး တောင်းဆိုနေကြတယ်လို့ မဒေးကျွန်းဒေသခံက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် ရေနံပိုက်လိုင်းစီမံကိန်းကို တရုတ်ကုမ္ပဏီ CNPC (CHINA National Petroleum Cooperation) က လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မဒေးကျွန်းဟာ ရခိုင်ပြည်နယ်ကို ဖြတ်သန်း သွယ်ဖောက်မယ့် ရွှေသဘာဝ ရေနံပိုက်လိုင်း စီမံကိန်းရဲ့ လုပ်ငန်းခွင် အဓိက အစိတ်အပိုင်း နေရာလည်းဖြစ်ပါတယ်။
XS
SM
MD
LG