သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှု အောဘရိုက် ချီးကျူး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ National Democratic Institute NDI ရဲ့ ဥက္ကဌ မက်ဒလင်း အောဘရိုက် (Madeleine Albright) ဒီကနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် ခန်းမကြီးထဲမှာ ပြောကြားသွားခဲ့တဲ့ မိန့်ခွန်းထဲကနေပြီးတော့ ထူးခြားချက်လေးတွေကို တင်ဆက်ပေးချင်တာကြောင့် ဒီပွဲမှာ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဦးရော်နီညိမ်း က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဒီကနေ့ပေါ့နော် ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတု အထိမ်းအမှတ် ခန်းမကြီးထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက်ကနေ တက်ရောက်လာကြတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ ကျန်တဲ့ဧည့်ပရိသတ်တွေကို ပြောကြားသွားတဲ့ မိန့်ခွန်းထဲကနေပြီးတော့ ထူးထူးခြားခြားအနေနဲ့ ကိုကျော်ကျော်သိန်း ထောက်ပြချင်တဲ့တစ်ခုကို ပြောပြပေးပါလားခင်ဗျ။

ဖြေ။ ။ တကယ်တမ်းတော့ မက်ဒလင်း အောဘရိုက်ရဲ့ မိန့်ခွန်းက အင်မတန် စိတ်ဝင်စားစရာကောင်းပြီးတော့ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောရမှာပါ။ အဲ့ဒီထဲကမှ ကျနော် မှတ်မှတ်သားသား ဖြစ်မိတဲ့ စကားတချို့ကို ပြောရမယ်ဆိုရင် ပထမဆုံးတစ်ခုကတော့ သူက မြန်မာနိုင်ငံကနေပြီးတော့ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုတာ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာတွေအတွက် များစွာ တန်ဖိုးထားပါတယ်လို့ အစချီပြီးတော့ အခုလို သူ ပြောပါတယ်ခင်ဗျ။

“စိန်ရတုတိုင်းပြည်ဟာ လှပတဲ့ တိုင်းပြည် ဖြစ်ရုံသာမက စွမ်းအားအပြည့်နဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကိုင်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှာ နေရာမှန်ကို ပြန်ရဖို့ ကြိုးပမ်းနေတဲ့ မျှော်လင့်ချက်အပြည့်နဲ့ တိုင်းပြည်ဖြစ်တယ်လို့ တခြားသူတွေကို ကျမ သတင်းစကား ပါးဦးမှာပါ”

ဆိုပြီး မစ္စ မက်ဒလင်း အောဘရိုက် က ပြောသွားပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်တုန်းကဆိုရင် အင်မတန် ဆိုးရွားခဲ့တဲ့အကြောင်း သူ ပြောပါတယ်။ နောက်တခါ လွန်ခဲ့တဲ့ နှစ်နှစ်က အပြောင်းအလဲတွေ လုပ်လာပြီးတဲ့နောက်မှာတော့ အသွင်ကူးပြောင်းရေး အခြေအနေ၊ အဲ့ဒီထဲမှာမှ အရေးကြီးဆုံးနဲ့ မကြာခဏဆိုသလို အခက်အခဲဆုံး အပိုင်းကတော့ စိတ်ရှည်သည်းခံဖို့ လိုတယ်ဆိုတဲ့ အချက် ဖြစ်တယ်ဆိုတာကို သူက ထောက်ပြပြီးတော့ ပြောဆိုခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့ ကိုကျော်ကျော်သိန်းရေ - မြန်မာ့ နိုင်ငံရေးနဲ့ပတ်သက်လို့ရော သူ့ရဲ့ ထင်မြင်ချက်ကို သူ ပြောသွားတာများ ရှိသေးလား။ ဥပမာဆိုရင်ပေါ့နော် နိုင်ငံရေးပါတီတွေအပေါ်မှာတို့၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတဲ့ကိစ္စတွေ၊ အထူးသဖြင့်ပေါ့နော် ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်ကာလမှာ သူ တွေ့မြင်တဲ့အမြင်မျိုး ပြောသွားတာမျိုးရော ရှိပါသလားခင်ဗျ။

ဖြေ။ ။ ရှိပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ထိရောက်တဲ့ မူဝါဒတွေ ရေးဆွဲအတည်ပြုဖို့ အချိန်ယူရမယ်လို့ ပြောတာနဲ့အတူ အရေးအကြီးဆုံးနဲ့ အချိန်အယူရဆုံးကတော့ သံသယတွေနေရာမှာ ယုံကြည်မှု တည်ဆောက်ရတာပဲဖြစ်တယ်လို့ ပြောပါတယ်။

“ယုံကြည်မှုက လွယ်ကူမယ်လို့တော့ သူက မဆိုလိုပါဘူး။ ဘယ်တိုင်းပြည်မှာမဆို အထူးသဖြင့် ဒီမိုကရေစီအတွက် အဓိက စိန်ခေါ်မှုတစ်ခုဟာ မတူညီတဲ့ တိုင်းရင်းသား၊ ပြီးတော့ ကိုးကွယ်ရာ ဘာသာနဲ့ ဘာသာစကားတွေ၊ စည်းလုံးညီညွတ်မှုအတွက် အခြေခံ အုတ်ချပ်တွေဖြစ်ပြီးတော့ အတားအဆီးတွေ မဟုတ်ဘူးဆိုတာကို သေချာစေဖို့ လိုတယ်”

လို့ သူက ထောက်ပြ ပြောဆိုသွားပါတယ်။ နိဂုံးပိုင်းမှာတော့ ခိုင်မာပြီး တာရှည်ခံတဲ့ ဒီမိုကရေစီတစ်ရပ်ကို ဖန်တီးဖို့အတွက် သင်တို့ အခု လုပ်နေတာတွေနဲ့ အနာဂတ်မှာ လုပ်ဆောင်မှာတွေအတွက်ကို သြဘာပေးလိုက်ပါတယ် ဆိုပြီးတော့ မစ္စ အောဘရိုက် က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ပြောသွားပါတယ်ခင်ဗျ။

ဟုတ်ကဲ့ ကိုကျော်ကျော်သိန်းရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
XS
SM
MD
LG