သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်မှာ ရုတ်တရက် ရေကြီး


မယ်ဆိုင် တာချီလိတ် တောင်ကျရေကြောင့် မြို့တွင်း ရေဝင်လာပုံ။ (စက်တင်ဘာ ၇၊ ၂၀၁၄)
မယ်ဆိုင် တာချီလိတ် တောင်ကျရေကြောင့် မြို့တွင်း ရေဝင်လာပုံ။ (စက်တင်ဘာ ၇၊ ၂၀၁၄)

ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အလျင်အမြန်ကျလာတဲ့အတွက် လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မနက် ၁၁ နာရီကျော်မှာ တံတားပေါ်ရောက်လုနီးထိ တက်လာတဲ့ မဲဆိုင်ချောင်းရေမှာ မျောပါလာတဲ့ သစ်တုံးတွေနဲ့ ရိုက်ခတ်ခဲ့တဲ့အတွက် မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေး တံတားကိုလည်း ယာယီပိတ်ထားလိုက်ရပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၁၅ နှစ်ကျော်အတွင်း တာချီလိတ်မြို့မှာ တောင်ကျရေကြီးတဲ့အတွက် မဲဆိုင်ချောင်းရေတက်လာပြီး မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကို ယာယီပိတ်ပစ်လိုက်ရကြောင်း မဲဆိုင်မြို့က ကုန်သည် ဟောင်းနေပေမယ့် ကျိုးမယ့် အခုလို ပြောပါတယ်။

“တံတားက ကြာပြီမို့လား၊ ဟောင်းလည်း ဟောင်းနေပြီလေ။ ဟောင်းနေပေမယ့် ကျိုးမယ့်တံတားတော့ မဟုတ်ဘူးပေါ့။ တောင့်တောင့်တင်းတင်း တံတားပဲ၊ ဒါပေမယ့် သစ်တုံးကြီးကလာရိုက်ထားတာရယ်၊ ရေက တံတားပေါ်အထိ ရောက်လာတဲ့အခြေအနေ ဖြစ်သွားတယ်လေ။ ဒီတခေါက် ရေကြီးတာက တော်တော်ကို ထူးထူးခြားခြားနဲ့ အတော်ကို မြန်ဆန်တယ်။ မယ်ဆိုင်ဘက်ဆိုလို့ရှိရင်လည်း မြို့အောက်ပိုင်းတွေ အကုန်လုံးကို ရေပြည့်သွားတာ။ တခါမှ မကြုံဖူးသလောက်ပေါ့နော်။ ဒီဘက်မှာ။ တံတားပေါ်မှာ ရေကတက်သွားတော့ ခဏ ပိတ်လိုက်ရတာပေါ့နော်။ မယ်ဆိုင်ဘက်မှာလည်း ဈေးထဲကနေပြီးတော့ တံတားဘေးနား ကပ်လျက်ပေါ့။ အဲဒီဘက်မှာလည်း တချို့ဆိုင်တွေက ပစ္စည်းတွေ မျောပါသွားတယ်ပေါ့နော်။ ရေက ဝေါကနဲ ဆင်းကျလာတာလေ။ ချောင်းထဲမှာ ရေခဲသေတ္တာတို့၊ တီဗွီတို့၊ ဟိုးအပေါ်ဘက်က အိမ်တွေကနေပြီးတော့ ထွက်လာတဲ့ပစ္စည်းတွေပေါ့နော်။ မျောပါလာတာတွေလည်း ရှိတယ်။ အဲဒါတွေကို လိုက်ပြီးတော့ ဆယ်ကြတာပေါ့နော်။ လူ ၂ ယောက် ပျောက်နေတယ်ဆိုတဲ့ သတင်းတော့ ထွက်နေတယ်။ ရေထဲ မျောပါသွားတယ်ပေါ့နော်။”

ရုတ်တရက်ကျလာတဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါးမှာ ရေတွေဝင်လာပြီး အိမ်တွေ၊ ဆိုင်တွေက ပစ္စည်းတွေတောင် ရွှေ့ချိန်၊ သယ်ချိန်မရခဲ့တဲ့အကြောင်း တာချီလိတ်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

“အိမ်တွေကတော့ ထောင်နဲ့ချီမြုပ်တယ်ဗျ။ အကုန်လုံး၊ ကျနော်တို့ custom ဝန်းရှေ့၊ စတိုးဆိုင်တွေ၊ ပရိဘောဂဆိုင်တွေ၊ သံထည်ပစ္စည်းဆိုင်တွေ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေကအစပေါ့နော်။ တချို့ တထပ်အိမ်တွေဆို ဘာမှကို မရတော့ဘူးဗျ။ အကုန်လုံး ရေထဲပါကုန်တာ။”

တာချီလိတ်မြို့မှာတော့ လူတွေ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရသလို ပစ္စည်းဆုံးရှုံးမှု အများအပြားရှိကြောင်း ဦးဇင်းတပါးက အခုလို မိန့်ပါတယ်။

“ရေထိုးတဲ့နေရာတွေမှာဆို အိမ်တွေက အောက်ခြေတွေကပါ ပြိုပြီးတော့ အိမ်တွေပါ ပြိုကျ ပျက်စီးလို့၊ ကားတွေပါ အကုန်လုံး ရေထဲနစ်မြုပ်၊ ဆိုင်ကယ်တွေပါ အကုန်လုံးပါ။ လူတွေအကုန်လုံး ဒုက္ခရောက်နေတာကို တွေ့ရတယ်။ တောင်ကျရေ က ရုတ်တရက်ဆင်းလာတာ- ရင်ခေါင်းလောက်ထိအောင် ရှိတယ်။ တချို့ဆိုရင် ထွက်ပြေးကြတာ၊ တောင်ကျရေက ညမှာပါ ဆက်တက်မယ်ဆိုလို့ရှိရင် မြို့လုံးကျွတ်နီးပါး အကုန်သေကုန်မှာ။ ပြီးခဲ့တဲ့အခေါက်က ရေကြီးတာက ဆုံးရှုံးမှုမရှိဘူး။ ဒီတခေါက်ကြီးတာက တော်တော်လေး ဆုံးရှုံးမှုရှိတယ်။”

ရေဘေးဒုက္ခရောက်နေသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရကြောင်း အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အတည်မပြုရသေးကြောာင်း တာချီလိတ်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်က ပြောပါတယ်။

“ကျနော်တို့က ရေကျသွားတော့မှ ပျက်စီးတယ်၊ မပျက်စီးတယ်ဆိုတာ ပြောလို့ရမှာဗျ။ အခုတော့ ပြောမရသေးဘူးဗျ။ အခု ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ မီးသတ်၊ ကြက်ခြေနီတွေနဲ့ ပေါင်းပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်ဗျ။ တချို့ စိတ်မချရတဲ့လူတွေကိုတော့ ရွှေ့ပေးနေပါပြီဗျ။”

တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ရေကြီးမှု ဖြစ်ခဲ့သေးပေမယ့် ၁၅ နှစ်အတွင်းမှာတော့ ဒီတကြိမ်ရေကြီးတာ ပိုပြီးဆိုးဝါးပြင်းထန်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ တာချီလိတ်မြို့က ပျက်စီးဆုံးရှုံးမှုက ဘတ်ငွေ သန်းနဲ့ချီပြီး ရှိနိုင်ကြောင်း မြို့ခံတွေက ခန့်မှန်းနေသလို ရေမျောပစ္စည်းတွေကို လိုက်ဆယ်သူတချို့ ပျောက်ဆုံးနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုဖို့တော့ ခက်ခဲနေပါတယ်။

XS
SM
MD
LG