လာမယ့် ဆယ်စုနှစ်အတွင်း မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေထဲမှာ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင် အရင်းအမြစ် ဆိုင်ရာ စီမံခန့်ခွဲမှုဟာ အတိမ်းအစောင်း မခံတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့ တနင်္လာနေ့ မဲခေါင်ဒေသ အနာဂတ်အရေး ဆွေးနွေးပွဲမှာ ABD အာရှ ဖွံ့ဖြိုးမှု ဘဏ်က ပြောကြားလိုက်ပါတယ်။
မဲခေါင်ဒေသတွင်းမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးနဲ့ အလုပ်ကိုင်သစ်တွေ ဖန်တီးပေးတာနဲ့ တချိန်တည်းမှာပဲ စွမ်းအင် အရင်းအမြစ် သုံးစွဲမှုကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ အရေးဟာ စိန်ခေါ်နေတဲ့ ပြဿနာလို့ မဲခေါင်ဒေသ ညီလာခံမှာ အာရှဖွံ့ဖြိုးမှု ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ စတီဖင် ဂရော့ဖ် (Stephen Groff) က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီညီလာခံကို တနင်္လာနေ့က စတင်ခဲ့ပါတယ်။
မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက မဲခေါင်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ခံတွေ တက်ရောက်ခဲ့ကြသလို ပညာရှင်တွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပါ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာအောင် အကောင်းဆုံး လုပ်ဆောင်နိုင်ချေတွေကို ဆွေးနွေးခဲ့ကြပါတယ်။