သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လ ဒုက္ခသည်စခန်းမှာ ဝမ်းရောဂါ ဆက်လက်ပျံ့နှံ့


မယ်လဒုက္ခသည်စခန်းတွင်း တနေရာ။
မယ်လဒုက္ခသည်စခန်းတွင်း တနေရာ။

လူဦးရေ သောင်းနဲ့ချီရှိတဲ့ ထိုင်း၊ မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းမှာ ကာလဝမ်းရောဂါ ဖြစ်ပွားနေတာ သီတင်းပတ် အနည်းငယ်ရှိခဲ့ပြီ ဖြစ်ပြီး အခုဆိုရင် ဒီရောဂါ ကူးစက်သူဦးရေ များလာနေတယ်လို့ မယ်လ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ လူနာအရေအတွက် ၆၀ ကျော်မှာ ၄၀ လောက်ကို ကာလဝမ်းရောဂါပိုး တွေ့ရှိရပြီး လောလောဆယ် အခြေအနေမှာ ရောဂါပိုး ဆက်ပြီး မပြန့်ပွားအောင် ထိန်းချုပ်နိုင်ဖို့ အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မယ်လ ဒုက္ခသည်စခန်းဟာ ထိုင်း၊ မြန်မာ နယ်စပ်မှာ လူဦးရေများတဲ့ စခန်းဖြစ်ပြီး ကာလဝမ်းရောဂါပိုး တွေ့ရှိသူ အရေအတွက်ဟာ လူဦးရေ ၄၀ ရှိသွားပြီဖြစ်ကြောင်း မယ်လစခန်းရဲ့ ဆေးရုံအုပ် ဆရာစောနေဆဲက အခုလို ပြောပြပါတယ်။

“လူနာက ၆၂ ယောက်ရှိတယ်။ အခု စုစုပေါင်း ပြန်ကြည့်တော့ ၅၂ ယောက်မှာ ၄၀ လောက် ဖြစ်သွားပြီ။ ၃၁ ယောက်က ဆေးရုံမှာ လာတက်တဲ့ လူနာပေါ့။ အပြင်မှာတော့ ၉ ယောက်ရှိပြီပေါ့။ အပြင်လူနာက ဆေးရုံ လာတက်တယ်၊ သူတို့အိမ်မှာ ကျန်တဲ့လူကို ကျနော်တို့ သွားလုပ်ပေးတယ်။ အဲဒါ ၉ ယောက်၊ အားလုံး ၄၀ လောက် ဖြစ်သွားပြီ။ တရက်နှစ်ရက်အတွင်းမှာ ပိုပြီး များလာတာပေါ့။”

လူဦးရေ ထောင်နဲ့ချီ နေထိုင်နေတာကြောင့် လူဦးရေကျပ်ပြီး ကူးဆက်မြန်တာကို တွေ့ရကြောင်း၊ ပညာပေးမှုတွေကိုတော့ ဆက်လုပ်နေကြောင်းတွေကို ပြောပါတယ်။

“ပညာပေးရေးနဲ့ ပတ်သက်လို့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး ပြောသွားတယ်။ အိမ်တွေမှာ ဘယ်လို သန့်ရှင်းရေး လုပ်မလဲ၊ ကျနော်တို့က အားလုံး လုပ်ပေးတယ်။ အများဆုံးဖြစ်တာ ရေသောက်တာတို့၊ အစားအစာတို့က အများဆုံးဖြစ်တယ်။ အခုလောလောဆယ် သူတို့သောက်တဲ့ ရေတွင်းတော့ ကျနော်တို့ ပိတ်ထားပြီ။ အခု ရေသောက်တာတော့ ပေးထားတဲ့ရေပေါ့။”

အခုလို လူဦးရေအရ များပြီး ရက်ပိုင်းအတွင်း ကာလဝမ်းရောဂါပိုး ဖြစ်နှုန်း တိုးတက်လာတဲ့ အပေါ်မှာတော့ မဲဆောက်ဆေးရုံကြီးကို ပို့ပြီး ကုသဖို့ အစီအစဉ် မရှိသေးကြောင်း၊ သူတို့အနေနဲ့ ကုသပေးနိုင်သေးတဲ့ အခြေအနေ ရှိနေသေးကြောင်း၊ စခန်းကော်မတီနဲ့ တိုင်ပင်ပြီး လူနာတွေ ထပ်မတိုးပွားရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆရာစောနေဆဲက ပြောပါတယ်။

“ကျနော်တို့ မဲဆောက်တော့ မပို့ဘူး။ ကျနော်တို့ကတော့ တတ်နိုင်သလောက် ဒီမှာပဲ ကုမှာပေါ့။ အခု များလာတဲ့ အပေါ်မှာတော့ စခန်းကော်မတီ ကျန်းမာရေးအဖွဲ့နဲ့ ပူးတွဲပြီး အဖြစ်များတဲ့ ရပ်ကွက်ကို မနက်ဖြန် သွားပြီးတော့ ကျန်းမာရေးအရ ဘယ်လိုမျိုး လုပ်ပေးရမလဲဆိုတာ သွားကြည့်ဖို့ရှိတယ်။”

မယ်လစခန်းတွင်းမှာတော့ အခုလို ကာလဝမ်းရောဂါပိုး တွေ့ရှိသူဦးရေ တိုးလာတဲ့အတွက် ဆေးရုံက ဝန်ထမ်းတွေလည်း လောက်ငမှု မရှိတဲ့အပေါ်မှာတော့ စိုးရိမ်မိကြောင်း၊ လူနာများတဲ့ အတွက်လည်း ဆေးရုံဝန်ထမ်းတွေ ပိုပြီး ပင်ပန်းမှု ကြုံရကြောင်းတွေကိုလည်း ပြောပြပါတယ်။

မယ်လ ဒုက္ခသည်စခန်းဟာ ထိုင်း၊ မြန်မာနယ်စပ်မှာ လူဦးရေများတဲ့ စခန်းလည်း ဖြစ်သလို တာ့ခရိုင် မဲဆောက်မြို့နဲ့လည်း အနီးဆုံးစခန်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်လောက်တုန်းကတော့ လူဦးရေ ၈၀ လောက်ထိ ကာလဝမ်းရောဂါ ဖြစ်ခဲ့ပေမဲ့ ထိန်းချုပ်နိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် သေဆုံးမှုတွေ မရှိဘူးလို့လည်း မယ်လ ဆေးရုံအုပ် ဆရာစောနေဆဲက ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ လောက် ခိုလှုံနေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ TBBC ရဲ့ မတ်လထဲတုန်းက စာရင်းဇယားတွေက ဖော်ပြထားပြီး အဲဒီအထဲက မဲလစခန်းကတော့ လူဦးရေ ၄၀,၀၀၀ ကျော်ရှိပြီး အကြီးဆုံး ဒုက္ခသည် စခန်းတခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG