သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင်


မဲဆောက်မြို့ ဘန့်စောင်ခွဲ ရပ်ကွက်က အိုမီဂါ အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားတာကြောင့် ယာယီအားဖြင့် အလုပ်သမားတွေ အလုပ်ရပ်နားထားပြီး မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ဘတ် ၂၅ သန်းဖိုးလောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ လူအသေအပျောက် မရှိပေမဲ့ စက်ရုံတွင်းမှာ လူ ၇၀၀ ကျော် ပိတ်မိနေတာကြောင့် ပြေးလွှားရင်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံကို ပို့ရသူတွေ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

မဲဆောက်မြို့ဟာ အထည်ချုပ်နဲ့ သိုးမွေးစက်ဆွဲလုပ်တဲ့ စက်ရုံတွေ အပါအဝင် စက်ရုံပေါင်း ၄၀၀ ကျော်လောက်ရှိပြီး အခု မီးလောင်တဲ့ စက်ရုံကတော့ လူဦးရေ ၂,၀၀၀ ကျော် အလုပ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ လျှပ်စစ်မီး ဝါယာရှော့ကနေ မီးစလောင်တာဖြစ်ပြီး လူတွေ အိပ်ပျော်နေချိန် ဖြစ်တာကြောင့် စက်ရုံတွင်း နေထိုင်နေသူတွေအဖို့ အထိတ်တလန့်တွေ ဖြစ်ခဲ့ရပါတယ်။ မနက် ၄ နာရီက စလောင်တဲ့မီးဟာ ၁၀ နာရီလောက်မှာတော့ ငြိမ်းသွားပါတယ်။ မီးလောင်နေတဲ့ အပိုင်းအစတွေကို ရှင်းလင်းရေး လုပ်နေတဲ့ အလုပ်သမား တဦးကတော့ အဓိက မီးလောင်မှု ဖြစ်ခဲ့တဲ့ အစိတ်အပိုင်းတွေကို ပြောပြပါတယ်။

“ပိတ်ဖြတ်တဲ့ရုံ၊ စက်လိုင်းကတော့ ဘာမှမဖြစ်ဘူး။ စက်ချုပ်တဲ့နေရာ ဘာမှမဖြစ်ဘူး။ ပိတ်ဖြတ်တဲ့နေရာ၊ ပိတ်တွေချည်း ထားတဲ့နေရာဆိုတော့ ပိတ်ဖြတ်တဲ့စက်ရယ်၊ ပိတ်တွေရယ်ပဲ ပါသွားတယ်။ ကျနော်က ပိတ်တွေ သိုလှောင်တဲ့ဟာတခု နားမှာပဲ ရှိနေသေးတယ်။ အဲဒီကနေ ပြန်လုပ်မယ်။ နယ်စပ်မှာရှိတဲ့ အလုပ်ရုံတခုကနေ ပြန်ဖြန့်မယ်။ သူက အလုပ်ရုံ နှစ်ရုံ ရှိတာကိုး။”

မီးလောင်မှုဖြစ်ချိန်မှာ စက်ရုံတွင်းမှာ နေထိုင်နေတဲ့ အလုပ်သမားတွေ ရှိသလို စက်ရုံအနီးတဝိုက် အပြင်မှာနေတဲ့ အလုပ်သမားတွေလည်း ရှိနေပါတယ်။ စက်ရုံနဲ့ အနီးဆုံးမှာနေတဲ့ အမျိုးသမီးတဦး ပြောပြတာကတော့…

“ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့။ သူတို့ အနောက်ဘက်အပေါက် ကာထားတဲ့ သစ်တွေကို အကုန်လုံး ကန်ထုတ်ပြီးတော့ ကလေးတွေ ပြေးရတယ်။ အရှေ့တံခါး မဖွင့်တဲ့အခါကြတော့ အနောက်မှာ ကာထားတဲ့ ခြံစည်းရိုးပေါ့၊ ခြံစည်းရိုးသစ်တွေကို ကန်ပြီး ပြေးရတယ်။ အဓိကကတော့ သွပ်ပြားရှတယ်၊ သံစူးတယ်။ အုတ်တံတိုင်းတွေမှာ ပုလင်းကွဲတွေထောင်ပြီး ကာထားတယ်။ အဲဒါကို ကျော်ပြီး ပြေးတော့ ပုလင်းကွဲ ရှတာပေါ့။ သူဌေးက ၇ ရက်ပဲ နားမယ်လို့ ပြောထားတယ်။ သူတို့ကို ထမင်းပေးမယ်၊ တနေ့ ၄၀ ပေးမယ်၊ ၇ ရက်ပေါ့။ လောလောဆယ် အထည်အလိပ်ထားတဲ့ ဂိုဒေါင် လောင်သွားတာကိုး။”

စက်ရုံက ကုန်ပစ္စည်းတွေကတော့ နိုင်ငံခြားကို အဓိက တင်ပို့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာ ဖြန့်ဖြူးခြင်း မရှိဘူးလို့ ဆိုပါတယ်။ မနက်လင်းပိုင်းမှာတော့ မီးလောင်တုန်းက ဂက်စ်အိုး ပေါက်ကွဲခဲ့တာကြောင့် အလုပ်သမားတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်ပြီးနောက် မီးသတ်ကား ၇ စီးနဲ့ ရဲကား ၅ စီး လာရောက်ပြီး မီးလောင်နေမှုတွေကို ငြှိမ်းသတ်ခဲ့ပါတယ်။ အလုပ်သမားတွေကတော့ ယာယီ အလုပ်နားထားရပြီး စက်ရုံအပြင်ဘက်မှာ စုဝေးနေထိုင်နေကြပြီး အလုပ်ရှင်ကတော့ သူတို့တွေ အလုပ်လက်မဲ့ မဖြစ်ရေးအတွက် အာမခံထားတယ်လို့ ပြောပြပါတယ်။

XS
SM
MD
LG