သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးအစိုးရအဖွဲ့ဝင်သစ် ကိစ္စ ဝန်ကြီးချုပ်နဲ့ မေးမြန်း


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာ ၂ နေရာအတွက် အစားထိုး ခန့်အပ်ဖို့ အဆိုပြုထားတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးရဲ့ အမည်စာရင်းကို ဝန်ကြီးချုပ်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အဆိုပြု တင်သွင်းခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးအနေနဲ့ အရည်အချင်း ပြည့်မှီခြင်း ရှိမရှိ ဆိုတဲ့အပေါ် တိုင်းဒေသကြီး လွှတ်တော်အမတ် ၁၇ ဦးက လွှတ်တော်အတွင်း ကန့်ကွက်ခဲ့ကြသလို ပြည်သူ လူထုအကြားမှာလည်း ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က အခုလို ပြန်လည် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လစ်လပ်နေတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ဝန်ကြီး ဦးစိုးမြင့်တို့ ၂ ဦး ဇန်နဝါရီလဆန်းပိုင်း နှုတ်ထွက်စာတင်ပြီး အသီးသီး နှုတ်ထွက် သွားခဲ့ကြပြီးတဲ့နောက်အဲဒီ လစ်လပ်နေတဲ့ နေရာတွေမှာ အစားထိုး ခန့်အပ်ဖို့အတွက် ဆည်မြောင်းဌာ အငြိမ်းစား ညွန်ကြားရေးမှူး ဦးအေးငွေ၊ အငြိမ်းစား တွဲဘက် ပညာရေးမှူး ဦးအောင်ကျော်မိုးတို့ ၂ ဦးရဲ့ အမည်စာရင်းတွေကို ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

ဒါပေမယ့်လည်း ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးဟာ အရည်အချင်း ကိုက်ညီမှု မရှိဘူးဆိုပြီး အမည်စာရင်း တင်သွင်းပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော် အရေးပေါ် စည်းဝေးပွဲအတွင်း လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ခဲ့ကြတာပါ။

အဲဒီလို ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်၊ တနင်္လာနေ့က ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ အမည်စာရင်းကို ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို။ ။ ကျုပ်တို့က လက်မခံဘူးဆိုတာပြောရရင်တော့ ကျုပ်တို့က ဒီတယောက်ကို မကြိုက်လို့ပေါ့။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ ဆရာ့အနေနဲ့ကတော့ သူတို့ ၂ ယောက်က qualify ဖြစ်တယ်လို့ ဆရာ က ယူဆပြီးတော့ တင်ခဲ့တာ ဟုတ်တယ်မလားဆရာ။

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို။ ။qualify ဖြစ်တယ်လို့ ယူဆပြီးတော့ တင်ခဲ့တာ။ သူတို့က မကြိုက်တဲ့အချက်တွေတွေ့လို့ အဲဒါပဲ ပြောပါရစေ။

ကိုဇော်ဝင်းလှိုင်။ ။အခုက လွှတ်တော်က ကန့်ကွက်တယ် အဲဒါကြောင့် ပြန်ရုတ်သိမ်းလိုက်ရတာပေါ့နော်။

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို။ ။ဟုတ်တယ် ဒီ ၂ ယောက်ကို ခန့်ရင် မကြိုက်ဘူး တချို့လည်း ပါတီဝင်တွေက မကြိုက်ဘူး ဆန္ဒပြမယ်ဆိုတာကို ကြားနေရတာခင်ဗျ။ အဲဒါ တိုင်းဒေသကြီးအစိုးရကလည်း ဝန်ကြီးချုပ်ကို ဆန္ဒပြတာတို့ မဖြစ်စေချင်ဘူးပေါ့နော်။ မဖြစ်စေချင်လို့ ဒီအမည်စာရင်းတင်သွင်းတာကို ရုတ်သိမ်းပြီးတော့ အခု ၂ ယောက်ထပ်ရှာနေတာပေါ့နော်။

ကိုဇော်ဝင်းလှိုင်။ ။ သူတို့က မကျေနပ်တာ ဘာကိုများမကျေနပ်တာလဲ ဆိုလိုတာက ကျနော်တို့လည်း သဘောပေါက်တာက ဝန်ကြီးချုပ်တဦးအနေနဲ့ ဒါကို အရင်လေ့လာခဲ့မှာပဲ ဒီလူတွေက ဘယ်လိုလူတွေလဲဆိုတာကို ဒါကြောင့်မို့လို့လည်း အမည်တင်သွင်းတာကို

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို။ ။ သူတို့က အကြောင်းအမျိုးမျိုးပေါ့ဗျာ ၊ ပြောလို့ရှိရင်တော့ ထိခိုက်မှာစိုးတော့ မပြောဘူးခင်ဗျ ပြောရလို့ရှိရင်တော့ ဒီလွှတ်တော်နဲ့ အစိုးရ ဆိုတာကတော့ နွားလှည်းတစီးနဲ့ နွားတကောင်လိုပေ့ါနော် တဖက်တည်း ရုန်းလို့မရဘူးလေ စုံရုန်းမှ သွားလို့ရမှာပေါ့နော်။ အဲဒီတော့ တိုင်းဒေသကြီးရဲ့ တရားဥပဒေစိုးမိုးရေး ၊ အေးချမ်းသာယာ ဖွံ့ဖြိုးရေးမှာ ၂ ဖက်လုံး လွှတ်တော်ရော ဒီဟာရောပေ့ါလေး တက်ညီလက်ညီလုပ်မှ ဖြစ်မှာဆိုတော့လေ ၊ လွှတ်တော်ရဲ့ ဆန္ဒသဘောထားတွေ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒသဘောထားတွေကိုလည်း အလေးထားရတာပေါ့။ ကျနော်တို့က ပြည်သူလူထုရော ၊ အဖွဲ့ချုပ်ရော ပါတီရော အစိုးရရော ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်ရတယ်ဆိုတော့ ကျနော်တို့ ဒီအတွက် လူ နောက် ၂ ယောက်ထပ်ရှာနေပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ကန့်ကွက်တဲ့အထဲမှာ ဘယ်ပါတီက အမတ်တွေဆိုတာ ၊ ပြောလို့ရလားဆရာ

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို။ ။ကန့်ကွက်တာကတော့ မကွေးတိုင်းဒေသကြီးလွှတ်တော်တခုလုံး မကွေးလွှတ်တော်ကိုယ်စားလှယ်တွေကြီးပဲလေ။ NLD တွေကြီးပဲ။ အခု ကန်ကွက်တဲ့အထဲမှာ ၂၅ ရာခိုင်နှုန်းပါတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး ကန့်ကွက်တယ်ဆိုတာ မရှိပါဘူး။ NLD ကိုယ်စားလှယ်တွေကြီးပဲ ကန့်ကွက်တာပါ။

ကိုဇော်ဝင်းလှိုင်။ ။ဘယ် နှစ်ရာခိုင်နှုန်းကနေ ကန့်ကွက်ရင် အထမြောက်တယ်ဆိုတာရော ရှိပါသလားဆရာ။

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို။ ။အဲဒါမျိုးကတော့ မရှိပါဘူး။ သူတို့ စည်းမျဉ်းစည်းကမ်းဥပဒေမှာတော့ ဖော်ပြထားတာကတော့ ခိုင်လုံတော့အကြောင်းပြချက်မဟုတ်လို့ ရှိရင် ငြင်းပယ်ခွင့်မရှိစေရဆိုတာတော့ ရေးထားတာပေါ့။"

ဝန်ကြီးအဖြစ် အဆိုတင်သွင်းခံထားရသူ ၂ ဦးထဲက တဦးဖြစ်သူ ဦးအောင်ကျော်မိုးဟာ တိုင်းလက်ထောက် ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က အလယ်တန်းပြ ဆရာတဦးကို နိုင်ငံရေးလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ခုံရုံးတင် စစ်ဆေးပြီး အလုပ်ဖြုတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချပေးခဲ့သူ ဖြစ်တယ်ဆိုပြီး အမည်စာရင်း တင်သွင်းခံရပြီး ရက်ပိုင်းအတွင်းမှာဘဲ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အမည်စာရင်း တင်သွင်းခံထားရသူ ၂ ဦးကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ရင် ဝန်ကြီးချုပ်နဲ့ မကွေးတိုင်း ဒေသကြီး အစိုးရတို့ကို ဆန္ဒပြ ကန့်ကွက်သွားမယ်ဆိုတဲ့ ပြောဆိုမှုတွေ မကွေးတိုင်းအတွင်းက နိုင်ငံရေးအသိုင်းဝိုင်းနဲ့ လူမှုရေး အဖွဲ့အစည်းတွေကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

အဆိုတင်သွင်းခံထားရတဲ့ ဝန်ကြီး ၂ ဦးကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ကန့်ကွက်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG