သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွာဟနေတဲ့ မကွေးဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသန်း၇၀၀၀ အနက် ကျပ်သန်း၃၀၀ ပြန်ပေး


ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကွာဟခဲ့တဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေထဲက ငွေကျပ်သန်းပေါင်း ၃၀၀ ကို ဒီကနေ့မှာ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းအစိုးရထံ သွားပေးခဲ့ပြီး မနက်ဖြန်မှာ ကျပ်သန်း ၅၀၀ လာပေးဖို့ ရှိတယ်လို့ လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။ သမ္မတရုံးက ပြန်လည်ပေးအပ်ဖို့ ညွှန်ကြားထားတဲ့ ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကျော်ထဲက ကျပ်သန်း ၅၀၀ ကို မေလ ပထမအပတ်အတွင်းမှာ ပြန်ပေးမယ်လို့ ဝန်ကြီးချုပ်ဟောင်းက အစောပိုင်းမှာ စာပို့ အကြောင်းကြား ထားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေ ကွာဟမှုကြောင့် ဝေဖန်ခံနေရတဲ့ မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေဟာ ဒီကနေ့မှာတော့ ငွေသန်းပေါင်း ၃၀၀ ကို လက်ရှိတိုင်းအစိုးရထံ ပထမအရစ်အနေနဲ့ ပြန်ပေး လိုက်တာပါ။ မနက်ဖြန်မှာတော့ ကျန်ရှိနေသေးတဲ့ ငွေတွေထဲက ကျပ်သန်း ၅၀၀ ကို ပြန်ပေးဖို့ ရှိတယ်လို့ လည်း လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။

“ကျနေ်ာတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးက အကြောင်းကြားတာကတော့ ဒီနေ့ သိန်း ၃၀၀၀ ပေးတယ် မနက်ဖြန်ကျရင် သိန်း ၅၀၀၀ ပေးမယ်လို့ပြောတယ် ဆိုတော့ အားလုံးပေါင်း သိန်း ၈၀၀၀ ရမှာပေါ့ ကျနော်တို့ ဒီတပတ်အတွင်းမှာ ကျနော်တို့အစိုးရအဖွဲ့ရဲ့ တိုင်းမင်းကြီးပေါ့နော်၊ မကွေးတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့ရဲ့ တိုင်းအတွင်းရေးမှူး ဦးဝေဇင်ထွန်း တိုင်းအထွေထွေအုပ်ချုပ်ရေးဌာန တိုင်းဦးစီးမှူး တိုင်းမင်းကြီးပေါ့နော် ဦးဝေဇင်ထွန်း ကိုလာပေးတာ။”

တိုင်းအစိုးရကတော့ ဒီငွေတွေကို ဘဏ်တစ်ခုမှာ အပ်နှံထားပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ် နောက်ပိုင်းမှာ လိုငွေပြလာရင် ထုတ်ယူသုံးစွဲသွားမယ်လို့ ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

အရင် ကြံခိုင်ရေး အစိုးရလက်ထက်မှာ မကွေးတိုင်းအတွင်း ဒေသဖွံဖြိုးရေး ရန်ပုံငွေ အများအပြား ကွာဟတာကြောင့် ပြည်သူ့လွှတ်တော်တွင်း မေးမြန်းပြီးတဲ့နောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုင်တွယ် စစ်ဆေးခဲ့တာမှာ ကျပ်ငွေသန်းပေါင်း ၇ ထောင်ကျော် ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့တာပါ။ အဲဒီ့ထဲကမှ ကြံခိုင်ရေး ပါတီကို လှုဒါန်းခဲ့တဲ့ ငွေကျပ် သန်းပေါင်း ၁၇၀၀ နဲ့ မော်တော်ယာဉ်တွေ၊ ပဲ့ထောင်ရေယာဉ်တွေအပါအဝင် ရွှေသုခ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကို လွဲှပြောင်းပေးခဲ့တဲ့ ငွေကျပ် သန်းပေါင်း ၁၅၀၀ ကိုပဲ လက်ရှိ မကွေးတိုင်း အစိုးရထံကို ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွှန်ကြားခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ငွေကျပ်သန်းပေါင်း ၄၀၀၀ ထောင်ကျော်နဲ့ ပက်သက်လို့ တိတိကျကျ ရှင်းရှင်းလင်းလင်း သိရဖို့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ထံကို မကွေးတိုင်းအစိုးရက စာပို့ မေးမြန်းထားပါတယ်။ အဲဒါနဲ့ ပတ်သက် လို့ လက်ရှိအချိန်ထိတော့ စစစ ဖက်ကကော ပြည်ထောင်စု အစိုးရဖက်ကပါ တစ်စုံတစ်ရာ မပြောသေးပါဘူး။ ဒီ့အပေါ်မှာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက

“ဖြစ်နိုင်တာကတော့ ပြည်ထောင်စုအစိုးရကလည်း အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ ကျနေ်ာတို့ကို မညွန်ကြားတော့ ဒီသန်း ၄၀၀၀ သည် ယေဘုယျအားဖြင့် သူတို့ ဖွံ့ဖြိုးရေးအတွက်သုံးတယ်ဆိုတာကို ပြည်ထောင်စုအစိုးရက လက်ခံထားတဲ့သဘောရှိတယ်။ ဘယ်လိုသုံးတယ်ဆိုတာကတော့ ကျနော်တို့က စာရင်းဇယားအတိအကျရမှ ကျနော်တို့က လမ်းဖောက်တာသုံးမလား ဆေးရုံဆောက်တာ သုံးမလား ၊ လမ်းလား၊ တံတားလားဘာလား ဆိုတာကို အကုန်သိရမှာ ဥပမာအားဖြင့် ဒါတွေသည် မေးကြည့်လို့မှ သူတို့ပြောထားတဲ့ ဖွံ့ဖြိုးရေးလုပ်တယ်ဆိုတဲ့ဟာတွေက ဒါတွေက ဒီမှာ တကယ်သုံးခဲ့တာမဟုတ်ဘူး ပြည်ထောင်စုဘားဂျက်နဲ့ကိုသုံးထားတာ စတဲ့ဟာတွေကိုလည်း စစ်ရဆေးရမှာပေါ့နော် စုံစမ်းရမှာပေါ့။ ဒါတွေက အခုက ဘာမှမသိရသေးဘူး။

မေး။ ။ တကယ်လို့ စသုံးလုံးဘက်က တစုံတရာအကြောင်းပြန်တာမျိုး မရှိဘူးဆိုရင်ကော ဘာဆက်လုပ်သွားဖို့ရှိပါသလဲ ။

ဖြေ။ ။ ဒါဆိုရင်တော့ ကျနော်တို့က ပြည်ထောင်စုကို တဆင့်တက်ပြီး ဒါနဲ့ပတ်သက်ပြီး ပြန်မေးရမှာပေါ့။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူလူထုကသော်လည်းကောင်း သတင်းစာဂျာနယ်၊ မီဒီယာကသော်လည်းကောင်း ဒီ သန်း၄၀၀၀ ဘယ်လိုသုံးသလဲဆိုတာ သိချင်တယ်။ အဲဒီအတွက် ဖြေဖို့အတွက် ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယုံကြကည်ကိုးစားမှုရှိအောင် ပွင့်လင်းမြင်သာမှုရှိအောင် ဒါတွေဘယ်လိုသုံးထားပါတယ်ဆိုတာကို တိုင်းဒေသကြီးဘက်က မကွေးတိုင်းထဲမှာရှိတဲ့ ပြည်သူတွေကို ချပြနိုင်အောင် ဒါတွေဘယ်လို သုံးထားပါတယ်ဆိုတဲ့အချက်အလက် အထောက်အထားလိုချင်ပါတယ်ဆိုပြီးတော့ ပြည်ထောင်စုအစိုးရကို မေတ္တာရပ်ခံတောင်းဆိုရမှာပေါ့နော်။”

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေဖက်ကတော့ သမ္မတရုံးက ညွှန်ကြားထားတဲ့အတိုင်း မော်တော်ယာဉ်တွေနဲ့ ပဲ့ထောင်ယာဉ်တို့ကို ဧပြီလ ၂၉ ရက်နေ့က ပြန်လည်ပေးအပ်ထားပြီးဖြစ်သလို ကျန်ရှိနေသေးတဲ့ ငွေအများ အပြားကို ဇူလိုင်လ နောက်ဆုံးထားပြီး ပေးအပ်မှာဖြစ်တယ်လို့ တိုင်းအစိုးရထံ စာပို့ အကြောင်းကြားထားပါ တယ်။ ဦးဘုန်းမော်ရွှေ ပြန်ပေးထားတဲ့ မော်တော်ယာဉ်ထဲက တစ်စီးကို လွှတ်တော်ကိုယ်စားလှယ်တွေ သွားရလာရ လွယ်ကူဖို့နဲ့ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုဖို့ ဒီကနေ့မှာ မကွေးတိုင်း လွှတ်တော်ဥက္ကဌထံ လွဲပြောင်းပေးခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

တိုင်းဒေသကြီးတစ်ခုရဲ့ အုပ်ချုပ်သူ အကြီးအကဲ တစ်ယောက်ဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း အစိုးရ ရန်ပုံငွေထဲက ငွေ သန်းပေါင်း များစွာ ကွာဟတဲ့ ကိစ္စ လူသိရှင်ကြား ဖြစ်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီကိစ္စအပေါ်မှာ သက်ဆိုင်သူတွေကို ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲဆိုတာကိုတော့ ပြည်ထောင်စု အစိုးရ တာဝန်ရှိသူတွေဖက်က အခုအချိန်ထိ တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG