သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး KTV ဆိုင် မီးလောင်မှု ဆိုင်ရှင်ကို အမှုဖွင့်ဖမ်းဆီး


 ရွှေမြတ်မင်းသမီး KTV မီးလောင်နေစဉ်
ရွှေမြတ်မင်းသမီး KTV မီးလောင်နေစဉ်

မကွေးမြို့က ရွှေမြတ်မင်းသမီး KTV မီးလောင် လူသေဆုံးရမှုနဲ့ ပတ်သက်လို့ ဆိုင်ပိုင်ရှင် ဦးရဲညွန့်ကို ဖမ်းဆီးစစ်ဆေးနေပြီး ရာဇသတ်ကြီးပုဒ်မနဲ့ ရဲစခန်း ကအမှုဖွင့်ထားကာ ဒီအမှုမှန် ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ကပြောပါတယ်။ မကွေးတိုင်းအတွင်း KTV ဆိုင် လုပ်ငန်းတွေမှာ လူ့အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်မယ့် သတိပေးစနစ်တွေ ရှိလာအောင် ဥပဒေပြဌာန်း လုပ်ဆောင် သွားသင့်တယ်လို့ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကလည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းနဲ့ ၂၉ လမ်းထောင့်မှာရှိတဲ့ ရွှေမြတ်မင်းသမီး KTV ကာရာအိုကေဆိုင်မှာ လျှပ်စစ် အလွန်အကျွံသုံးစွဲပြီး လျှပ်စစ် ကြိုးတွေ အပူလွန်ရာက ဧပြီလ ၂ ရက်နေ့ညမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မကွေးမြို့နယ် မြို့မရဲစခန်းက ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူအနည်းဆုံး ၁၅ ဦးသေဆုံးပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ချိန်မှာ မကွေးတိုင်း မီးသတ်ဌာနက မီးသတ်ကားနဲ့ ရေသယ်ကားတွေ၊ ကမ္ဘောဇဖောင်ဒေးရှင်း က ရေသယ်ကားနဲ့ မင်းဘူးမြို့နယ်က မီးသတ်ကားတွေပါ စုစုပေါင်း ၁၂ စီးလောက် သွားရောက် ငြိမ်းသတ်ခဲ့တာကြောင့် တနာရီအတွင်း မီးစွယ်ကျိုး သွားခဲ့ပါတယ်။ ဒါပေမယ့် ကာရာအိုကေ သီချင်းဆိုခန်း ထဲမှာရှိတဲ့ အသံထိန်း ရေမြှုပ်တွေကို မီးအမြန်စွဲလောင်ရာက ထွက်ပြေးချိန်မရပဲ အသက်သေ ဆုံးတဲ့ထိ ဖြစ်ခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြောပါတယ်။ ရွှေမြတ်မင်းသမီး KTV မီးလောင် သေဆုံးမှုနဲ့ ပတ်သက်လို့ ဆိုင်ဝန်ထမ်းတချို့ကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေသလို၊ ဆိုင်ပိုင်ရှင် ဦးရဲညွန့် (ခေါ်) ရွာသားကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး စိန်အောင်က သတင်းမီဒီယာတွေကို ခုလိုရှင်းပြခဲ့ပါတယ်။

“လျှပ်စစ်ဝါယာ သာမန်ထက် အပူလွန်ကဲတာ ၊ အပူချိန်လွန်ကဲပြီးတော့ မီးလောင်မှု ဖြစ်တယ်လို့ ကျနော်တို့အားလုံးက သုံးသပ်ခန့်မှန်းပါတယ်။ ဆိုင်မှာ ဆိုင်ဝန်ထမ်းတွေပေါ့နော် အမျိုးသား၃ ဦးပေါ့ ၊ မီးငြိမ်းသတ်တဲ့ အမျိုးသား ၃ ဦး၊ နောက်အမျိုးသမီး ၂ ဦးပေါ့နော် သူတို့တွေကို ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ နောက် ဆိုင်ပိုင်ရှင် ဦးရဲညွှန့် ကိုလည်း ရဲစခန်းမှာ အမှု နဲ့ ဖမ်းဆီး စစ်ဆေးလျှက်ရှိပါတယ်။”

KTV ဆိုင်ပိုင်ရှင် ဦးရဲညွှန့်ကိုတော့ (ပ)၁၉၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ က နဲ့ မကွေးမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မကွေးတိုင်းအတွင်းက စည်းကမ်းချက်နဲ့ မညီနဲ့ KTV ကာရာအိုကေဆိုင်တွေ အရေးယူခဲ့တာမျိုးရှိပြီး၊ ရွှေမြတ်မင်းသမီး KTV မီးလောင်သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက VOA ကိုပြောပါတယ်။

“ ကျနော်တို့က အရင်တုန်းကတည်းက စည်းမျည်းနဲ့ ကန့်သတ်ထားတာတွေ ရှိတယ်။ တချို့ စည်းမျည်း စည်းကမ်းနဲ့ မကိုက်လို့ဆိုပြီးတော့ ပိတ်လိုက်တဲ့ ကာရာအိုကေဆိုင် တဆိုင်ရှိတယ်။ Power 9 လို့ခေါ်တယ်ထင်တယ် အဲဒီဆိုင်ကို ကျနော်တို့ပိတ်ခဲ့တယ်။ နောက်ကျတော့ စည်းမျည်း စည်းကမ်းနဲ့ ကိုက်အောင်လို့ သူတို့ပြင်လိုက်တော့ ကျနော်တို့က ၃ လဖွင့်ခွင့်ပေးလိုက်ပြီး၊ နောက်အခု ၆ လဖွင့်ခွင့်ပေးလိုက်တယ်။ အဲလို တိုးတိုး ဖွင့်ခွင့်ပေးလိုက်တာ ရှိတယ်။ ကျနော်တို့ အစိုးရအဖွဲ့ရော CID ရောပေါင်းပြီးတော့မှ ဒီအမှုမှန်ပေါ်ပေါက်ဖို့အတွက် ဖြစ်ရပ်မှန် ပေါ်ပေါက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်”

KTV ကာရာအိုကေဆိုင်မှာ အခုလို လူသေဆုံးရတဲ့အထိ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နောင်မှာ လူ့အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်မယ့် သတိပေးစနစ်မျိုး ထားရှိလာအောင် လုပ်ဆောင်သင့်တယ်လို့ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

“ကျနော်တို့မြို့မှာက ကျနော်သိသလောက်က မီးလောင်လို့ လူသေတာ ဒါ ပထမဦးဆုံးအကြိမ်ပဲ ။ အခုဒီမှာ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ လုပ်ပုံကိုင်ပုံနေပုံ အစစအရာရာ ဘယ်လိုပြောင်းကြမလဲ ဘယ်လိုပြင်ကြမလဲ လုပ်နေရတဲ့ အချိန်အခါမျိုးမှာ ဒါမျိုးဖြစ်သွားတာပေါ့။ ဖြစ်ရင်ဒါဟာ သင်ခန်းစာယူဖို့ နောင်မဖြစ်ဖို့ နောင်ဘယ်လို မဖြစ်အောင် လုပ်မလဲပေါ့ ၊ အဲဒီအပေါ်ကနေပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စတွေကတော့ ဖြစ်လာမယ်လို့ ထင်တယ်။”

ရွှေမြတ်မင်းသမီး KTV ဆိုင်အတွက် ဆိုင်လုပ်ငန်းလိုင်စင်ရော ယစ်မျိုးလိုင်စင် နှစ်မျိုးစလုံး ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာ KTV ကာရာအိုကေဆိုင် လုပ်ကိုင်သူ အများစုဟာ အရင်စစ်အစိုးရလက်ထက် အာဏာပိုင်တွေနဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုကို လေ့လာစစ်ဆေးဖို့အတွက် နေပြည်တော် CID မှုခင်းရဲတပ်ဖွဲ့ တဖွဲ့လည်း ဧပြီလ ၃ ရက်နေ့မှာ မကွေးမြို့ကိုရောက်ရှိနေပါတယ်။ မကွေးမြို့ KTV မီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး အမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီး(၅)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG