သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး- နှမ်းခါးနဲ့ စစ်ကိုင်း-ကနီတို့မှာ တိုက်ပွဲဖြစ်


ကနီ စစ်ဘေးရှောင်ပြည်သူများ တောတွင်း တနေရာမှာ ခေတ္တ နားခိုစဉ်။
ကနီ စစ်ဘေးရှောင်ပြည်သူများ တောတွင်း တနေရာမှာ ခေတ္တ နားခိုစဉ်။

Zawgyi/Unicode

မကွေးတိုင်း နှမ်းခါးကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားတာမှာ ကျေးရွာနေအိမ်တချို့ မီးရှို့ခံရပြီး ကျေးရွာသားတွေလည်း ထွက်ပြေးကြရပါတယ်။ စစ်ကိုင်းတိုင်း ကနီမြို့မှာဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့စက်လှေကို ကနီ PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အလိမ္မာပြောပြပါမယ်။

နေအိမ်တွေ မီး ၂ ကြိမ်ရှို့ခံရတဲ့ မကွေးတိုင်း နှမ်းခါးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ကျေး ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် နေအိမ်အချို့ကို စစ်ကောင်စီတပ်တွေက နောက်တကြိမ် မီးရှို့သွားတယ်လို့ နှမ်းခါးရွာ သူ တဦးက VOA ကို ပြောပါတယ်။

“၈ နာရီ ၉ နာရီလောက်ကနေ ဝင်လာပြီး သေနတ်တွေနဲ့ဖောက်တယ်၊ တရစပ်ဖောက်တယ်။ ဒီဘက်ကလည်း ၂ ချက် ၃ ချက်လောက် လက်နက်တွေဖောက်သေးတယ်။ သူပစ် ကိုယ်ပစ်ပေါ့နော်။ ဒါပေမယ့် အကြာကြီးတော့ မဟုတ်လိုက်ဖူးပေါ့နော်။ CDF တွေကအကုန် နောက်ဆုတ်ခဲ့လိုက်ရတာလေ။ သူတို့က အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်ဆိုတော့ ဒီဘက်မှာ အဲ့လောက်မရှိဘူး။ ဒေသကာကွယ်ရေးတပ်ဖွဲ့ပဲရှိတာလေ။ သူတို့က ကားလမ်းတောက်လျှောက်ကို ရှို့သွားတာပဲ။ အရင်ပတ်ကတည်းက ကျန်ခဲ့တဲ့အိမ်တွေကို တော်တော်များတယ်။ ၁၀ အိမ်ဝန်းကျင်လောက်ရှိမယ်ထင်တယ် သတင်းရရှိထားတာလေ။”

သူမရဲ့နေအိမ်နဲ့ ဈေးဆိုင်ဟာ ရွာကို ဒုတိအကြိမ် မီးရှို့ချိန်မှာ မီးထဲပါသွားခဲ့ပြီး ဒီကနေ့ မနက်တိုက်ပွဲမှာ တော့ သူကိုယ်တိုင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တိုက်ပွဲကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအပြင် ဂန့်ဂေါ PDF နဲ့ ချင်းအမျိုးသားတပ်ဦး CAN တို့ကပါ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ နှမ်းခါးရွာကနေအပြန်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်တွေ ၂၀ ဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ VOA က ဒါကို သီးခြားအတည်ပြုလို့တော့ မရပါဘူး။ လက်ရှိမှာတော့ နှမ်းခါးရွာတောင်ဘက် မွေ့လယ်ရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပါတယ်။ နှမ်းခါးရွာဟာ စက်တင်ဘာ ၁၀ ရက်နဲ့ စက်တင်ဘာ ၁၃ ရက်တို့မှာ နေအိမ် အလုံး ၄၀ နီးပါး မီးရှို့ခံခဲ့ရတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကနီမြို့မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့ စက်လှေဟာ ချင်းတွင်းမြစ်ထဲကနေ ဆန်တက်လာချိန်မှာ ကနီ PDF က တိုက်ခိုက်ခဲ့တယ်လို့ ကနီ PDF ပြောခွင့်ရသူက VOA ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ Flat ခွံအစိမ်းရယ်၊ အမြန်ရေယာဉ်ရယ်၊ အဲ့ဒါကို ကျနော်တို့ ဒီဘက်ကနေ တိုက်ခိုက်တယ်ပေါ့။ သူတို့မနေ့က ချင်းတွင်းမြစ်ကို ဆန်တက်လာတယ်။ မုံရွာကနေဆန်တက်လာပြီးတော့ ကနီမြို့နယ် သရက်ပင်ရွာအနီးမှာ အိပ်တယ်ပေါ့။ အဲ့ဒါကနေမှ အခုလို ဆန်တက်လာလို့မို့ စစ်ကောင်စီ ရေယာဉ်ကို တိုက်ခိုက်ခြင်းဖြစ်တယ်။ ဘာကြောင့်တိုက်ခိုက်တာလဲဆိုရင် အဲ့ဒီ စစ်ကောင်စီရဲ့တပ်အင်အားတွေ ၂၀၀ ကျော်ကျော်ပါတယ်။ ဆီပေပါတွေပါတယ်။ တခြားသော လက်နက်ရိက္ခာတွေ ပါတဲ့အတွက်ကြောင့်မို့လို့ တိုက်ခိုက်ရခြင်းဖြစ်တယ်။”

တိုက်ပွဲအတွင်း ကနီ PDF က ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က အသေအပျောက်ရှိနိုင်တယ်လို့ ကနီ PDF က ပြောပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ခုချိန်အထိ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီစက်လှေတွေဟာ ကနီမြို့ ချင်းတွင်းမြစ်ထဲမှာ မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်ရှိအချိန်မှာ ကနီနယ်တကြောမှာ စစ်အင်အားတွေ ဖြည့်တင်းထားပါတယ်။ အခုလ စက်တင်ဘာ ၁၆ ရက် နေ့လည်ပိုင်းကစပြီး ဒေသတွင်း အင်တာနက်အသုံးပြုမှု ပိတ်ပင်ထားသလို နယ်မြေစစ်ဆင်ရှင်းလင်းတာတွေလည်းရှိတာကြောင့်၊ ဒေသခံအများစုဟာ နီးစပ်ရာတောတောင်တွေထဲမှာ ခိုလှုံတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


======

Zawgyi/Unicode










#MyanmarMilitaryCoup #MyanmarViolence #VOABurmese

XS
SM
MD
LG